နေပြည်တော် ဇူလိုင် ၂၆
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကိစ္စနှင့့်် စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် ရည်ရွယ်ပြုလုပ်သော သတင်းမီဒီယာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ပြုလုပ်သည်။
ငွေကြေးဖောင်းပွမှုမဖြစ်နိုင်
အခမ်းအနားတွင် နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ရခြင်းနှင့် ပတ်သက်၍မေးမြန်းရာတွင် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ် နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက” ၏ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေမှု အခြေအနေများ၊ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်များကို လဲလှယ်ထုတ်ပေးခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်မှု ရှိ/မရှိနှင့် ပတ်သက်၍မေးမြန်းရာတွင် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ် နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးမူဝါဒရှိမှု၊ အမျိုးသားပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်သော သီးသန့်ငွေကြေးပမာဏအား တွက်ချက်ပြီး သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန်ဆောင်ရွက်သည့် ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိမှု၊ နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမှတ်တရအနေနှင့် အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ယခုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်မှု အခြေအနေများ၊ နှစ်သောင်းကျပ်တန် ငွေစက္ကူအား ထုတ်ဝေသွားမည့်နေ့ရက်နှင့် လဲလှယ်နိုင်မည့် နေ့ရက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲ ကောင်တာများတွင် ဇူလိုင် ၃၁ ရက်မှစပြီး ရုံးဖွင့်ရက်များတွင် လာရောက်လဲလှယ်နိုင်မှုနှင့် ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်လိုသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ်တရသိမ်းဆည်း ထားနိုင်ရန် အများဆုံး သုံးရွက်ခန့်သာ ထည့်သွင်း လဲလှယ်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းဖြေကြားခဲ့ပြီး အခြားသောနိုင်ငံများ၌ အထိမ်းအမှတ်အဖြစ် ငွေကြေးထုတ်ဝေခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းကစားကာ မဟုတ်မမှန်သော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ (Specu-lation and Manipulation) ဆောင်ရွက်မှုကို အရေးယူ ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အများပြည်သူမှ ဗဟိုဘဏ်ငွေလဲ ကောင်တာများသို့ ဟောင်းနွမ်းငွေစက္ကူများ လာရောက် လဲလှယ်ရာတွင် လိုအပ်သည့် အထောက်အထားများ နှင့်သတ်မှတ်ချက်များနှင့်ပတ်သက်၍ လည်းကောင်း မေးမြန်းကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် က အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မေးမြန်းဖြေကြားမှုဖော်ပြမည်
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် နှင့် တာဝန်ရှိသူများ၊ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်