မန္တလေး ၁၉ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ဆင်ရွာကြီး ဘက်စုံကျန်းမာရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က သင်တန်းကျောင်းသမိုင်းအကျဉ်း၊ သင်တန်းကျောင်းတွင်ပြုလုပ်ခဲ့သော သင်တန်း အမျိုးအစားများ၊ ယခုလက်ရှိ သင်တန်းကျောင်းတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက် များကို တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆင်ရွာကြီး ဘက်စုံကျန်းမာရေး သင်တန်းကျောင်းကို မြန်မာနိုင်ငံ (အထက်ပိုင်း) ကျန်းမာရေးဝန်ထမ်းများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအမျိုးမျိုးအား ဖွင့်လှစ်သင်ကြားမည့် ပြည်သူ့ကျန်းမာရေးလက်တွေ့ ကွင်းဆင်းအဆင့်မြှင့် သင်တန်းကျောင်းဖြစ်လာစေရေးအတွက် လိုအပ်သည့် စာသင်ဆောင်နှင့် နေထိုင်ရန်အဆောင်အပါအဝင် အဆောက်အဦ၊ သင်ကြားမှုအထောက် အကူပြုပစ္စည်းကိရိယာများ၊ လူအင်အား စသည်ဖြင့် လိုအပ်သည်များအား ပြုပြင်မွမ်းမံခြင်းနှင့် ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယခုသင်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းအမျိုးအစားများအလိုက် ဆက်လက်သင်ကြား လေ့ကျင့် ပေးမည့် သင်တန်းအမျိုးအစားများ၊ သင်တန်းကာလ စသည်တို့ကို တာဝန်ရှိသူများနှင့် ပညာရှင်များ ညှိနှိုင်းဆွေးနွေးကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊ သင်တန်းကျောင်းတွင် သင်ကြားမည့် သင်ရိုး ညွှန်းတမ်းများကို တာဝန်ရှိသူများနှင့် ပညာရှင်များက ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော ကျန်းမာရေးဆိုင်ရာ အခြေအနေအရပ်ရပ်နှင့်အညီ ပြုပြင်ရေးဆွဲသင်ကြားသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများအတွက် သင်ကြားမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျေးလက်ကျန်းမာရေးဌာနများတွင် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်လျက်ရှိသော ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကိုလည်း ပိုမိုကောင်းမွန်ထိရောက်စေရေး ပထမဦးစား ပေးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုကဲ့သို့ ဆင်ရွာကြီး ဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များကိုပွင့်လင်းစွာဖြင့် တင်ပြပြောကြား ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆင်ရွာကြီး ဘက်စုံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်စေရေး အကြံပြု ချက်များနှင့် လိုအပ်ချက်များကို အသေးစိတ်တင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) သို့ ရောက်ရှိရာ ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဖြူပြာကျော်ဆွေက လိုအပ်သည်များကို တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူသိုလှောင် ဖြန့်ဖြူးခြင်းစနစ်တစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းရှိ ဆေးရုံကြီးများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ဆေး၊ ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ပေးပို့ဖြန့်ဖြူးရန်အတွက် ဗဟိုဆေး သိုလှောင်ရေးဌာန (မန္တလေး) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ပါကြောင်း။
အရည်သွေးကောင်းမွန်၍ စံချိန်စံညွှန်းပြည့်ဝသောဆေးနှင့် ဆေးပစ္စည်းများဝယ်ယူမှု၊ သိုလှောင်ထား သိုထိန်းသိမ်းမှုနှင့် ဖြန့်ဖြူးမှုတို့တွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ၎င်းတို့အား မွမ်းမံသင်တန်းများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
ဗဟိုဆေးသိုလှောင်ရေးဌာနများမှ ဝန်ထမ်းများကို ပြင်ပနိုင်ငံများသို့စေလွှတ်၍ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူမှု၊ သိုလှောင်ထားသိုမှုနှင့် ဖြန့်ဖြူးမှုများ ဆောင်ရွက်နေမှုများကို သွားရောက် လေ့လာစေမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းစွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်း များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) ရှိဆေးသိုလှောင်ရုံများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်


