၂၆  ဖေဖော်ဝါရီ

 

လူ့ဘဝမှာ ငွေကြေးချမ်းသာကြွယ်ဝခြင်းသည် ကောင်း၏ဟု ဆိုလာလျှင် ငြင်းစရာမရှိ။ သို့သော် ဘယ်လိုဘယ်နည်း ချမ်းသာကြွယ်ဝလာသလဲဆိုလျှင်မူ ကောင်း၏၊ မကောင်း၏ ဆိုခြင်းကို ဆွေးနွေးစရာရှိလာမည်ဟုထင်သည်။

 

ထို့အတူပင် လူတစ်ဦး တစ်ဖွဲ့ တစ်စုက ချမ်းသာကြွယ်ဝနေပြီး လူများစုက ဆင်းရဲနွမ်းပါးနေပြီဆိုလျှင် ကောင်း၏ဟုဆိုရန် ပို၍ပင်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် ဘယ်သူတွေချမ်းသာကြွယ်ဝပြီး ဘယ်သူတွေ ဆင်းရဲနွမ်းပါးနေသလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာလျှင်ပြောဆို ငြင်းဆိုစရာ အများအပြား ရှိလာမည်။

 

ထို့ကြောင့် လူတစ်ဦး ချမ်းသာကြွယ်ဝသည်ဟု သိရလျှင် မုဒိတာ ဖြစ်ဖို့ကောင်းသည်။ ဝမ်းသာစရာ ဖြစ်သည်ဆိုသော်လည်း မည်သို့မည်ပုံချမ်းသာကြွယ်ဝသည်က ပို၍အရေးကြီးသည်ဟု ဆိုရပါမည်။

 

ဥပဒေနှင့် မညီဘဲ၊ သို့မဟုတ် ဥပဒေကို ချိုးဖောက်ခြင်းဖြင့် ရရှိလာသော ချမ်းသာကြွယ်ဝမှုကို လူမှုအဖွဲ့အစည်းက ဝမ်းမြောက်ကြိုဆိုစရာဟူ၍ ယူဆမည်မဟုတ်။ သည်လို ချမ်းသာကြွယ်ဝမှုမျိုးကို ခွင့်လွှတ်လိမ့်မည်မဟုတ်။

 

ဤသို့သောနည်းဖြင့် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းမျိုးကို မိစ္ဆာအာဇီဝဟု အမည်တပ်၏။ မတော်မတရားသည့် စီးပွားရှာခြင်းမျိုးဟုဆိုလိုခြင်း ဖြစ်ပါသည်။

 

သည်လို မတော်မတရားသည့် စီးပွားရှာခြင်းမျိုးကို အများပြည်သူတို့ လွန်စွာစက်ဆုပ်ကြကုန်၏။ သည်လိုမတော်မတရား စီးပွားရှာမှုထဲတွင် အဂတိလိုက်စားခြင်း၊ လုပ်ပိုင်ခွင့်အာဏာတို့ကို အလွဲသုံးစားလုပ်ခြင်းနှင့် လာဘ်စားခြင်းတို့က ရှေ့ဆုံးတန်းက ပါမည်ဟု ထင်ပါသည်။

 

ထို့ကြောင့်ပင် အာဏာကြီးသူများ ချမ်းသာကြွယ်ဝနေကြပြီဆိုလျှင်၊ လုပ်ပိုင်ခွင့်များကို လက်ဝယ်ပိုင်ပိုင်ရထားသူများ ချမ်းသာနေကြပြီဆိုလျှင်၊ သို့မဟုတ် ထိုပုဂ္ဂိုလ်တို့၏ မိသားစုဝင်များ၊ သို့မဟုတ် သူတို့နှင့် ဆက်စပ်ပတ်သက်နေကြသူများ ချမ်းသာကြွယ်ဝနေပြီဆိုလျှင် အများပြည်သူတို့က စစ်ဆေးပိုင်ခွင့် ရှိချင်ကြသည်။

 

တိုင်းပြည်တစ်ခုလုံး အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲပါဝင်နေချိန်တွင်ကျိကျိတက် ချမ်းသာနေကြသူများရှိနေသည်ဆိုလျှင် ယင်းသည် အလွန်ပင်ရုပ်ဆိုးသည့် မြင်ကွင်းဖြစ်သည်ကား အမှန်ပါပေ။ မည်သည့်အကြောင်းကြောင့် ဤမျှ ကွဲပြားခြားနားမှုများ ရှိနေသည်ဖြစ်စေ နိုင်ငံတစ်ခုအနေဖြင့်၊ လူမှုအဖွဲ့အစည်းတစ်ခု အနေဖြင့် အလွန်ပင် အကျည်းတန်သည်ကား အမှန်ပင်ဖြစ်ပါသည်။

 

မိမိတို့နိုင်ငံတွင် ယနေ့အချိန် ဆင်းရဲချမ်းသာ ကွာဟမှု အတိုင်းအတာကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း မရှိသေးခြင်းက ဆင်းရဲမွဲတေမှု လျော့ပါးပပျောက်ရေး အရှိန်မမြင့်တက်နိုင်သေးသည့် မှတ်ကျောက်တစ်ခုလို ဖြစ်နေသည်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေးပြေလည်ချောင်လည်မှုကိုပြောလျှင် အလယ်အလတ်တန်း လူတန်းစားများပြား လာဖို့အရေးက အလွန်အရေးကြီးသည်ဟု ဆိုကြသည်။ ဆင်းရဲချမ်းသာ ကွာဟမှုကို လျှော့ချခြင်းက ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းတစ်ခုပဲဖြစ်သည်ဟု ဆိုလိုခြင်းပါ။

 

ပြည်သူ့အစိုးရ ပေါ်ပေါက်လာပြီးသည့်နောက်တွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အတော်ပင် အလေးအနက်ထား ဆောင်ရွက်လာသည်ကို သတိပြုမိပါသည်။ ပြည်သူလူထုတို့ကလည်း အစိုးရက ဖွဲ့စည်းတာဝန်ပေးထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို များစွာမျှော်လင့်ချက်ထားပြီး စောင့်မျှော်လျက်ရှိကြပါသည်။

 

နိုင်ငံ၏စီးပွားရေးအခြေအနေ တိုးမြင့်လာရေး၊ ပြည်သူတို့ စားဝတ်နေရေး ချောင်လည်ရေးနှင့် ဆင်းရဲချမ်းသာကွာဟမှု လျော့ပါးလာရေး စသည်တို့တွင် အဂတိကင်းစင်ရေး၊ လာဘ်ပေးလာဘ်ယူမှုများ ကင်းစင်လာရေးတို့ကလည်း အချက်အချာကျသော အစီအမံများ ဖြစ်သည်ဟု ယုံကြည်ကြောင်း တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း