၄ ဖေဖော်ဝါရီ

 

ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံကို အားပေးထောက်ခံကာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တောင်ပြိုကမ်းပြို မဲပေးရွေးချယ်လိုက်သည့် အဓိက အကြောင်းအရင်းများတွင် ဒီမိုကရေစီ အခွင့်အလမ်းများ အပြည့်အဝရရှိလိုခြင်း၊ နေ့စဉ်လူမှုဘဝ စားဝတ်နေရေးကိစ္စများကအစ လုံခြုံပြေလည်ပြီး ဥပဒေစိုးမိုးမှုကို တောင့်တခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို ရယူပေးနိုင်ရန်အတွက် အမျှော်လင့်နိုင်ဆုံး ခေါင်းဆောင်များဟု ယုံကြည်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည့်အနေအထား ဝန်းကျင်နှင့် အာဝါသတို့ကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ခြင်း အစရှိသည်တို့ ဖြစ်သည်။

 

သည်လို အခြေခံပြဿနာများကို လုံးလုံးလျားလျား မဟုတ်သော်မှ သေချာသောစနစ်တို့ကို ထိထိရောက်ရောက် အုတ်မြစ်ချ ဖြေရှင်းနိုင်ပြီဆိုလျှင် မိမိတို့၏ သားမြေးစဉ်ဆက်အနာဂတ်အတွက် အတော်ပင် စိတ်အေးရတော့မည် ဟူသည့်သဘော။ မြန်မာပြည်သူတို့မှာ နှစ်ပေါင်းများစွာ မျိုးဆက်လေးငါးဆက်ခန့် ခံစားနေရသည့် ဒုက္ခတို့ကို ယနေ့မွေးဖွားသော မျိုးဆက်သစ်တို့လက်ထဲသို့ ထည့်မပေးချင်တော့ပြီ။

 

ဆင်းရဲမွဲတေမှုနွံတွင်းက ရုန်းထွက်ချင်လှပြီ။ 

 

ဆင်းရဲမှုဆိုသည်မှာ အဓိကအားဖြင့် လုံလောက်သော အာဟာရနှင့် သောက်ရေသုံးရေ အဆင့်မီမီ ပြည့်ပြည့်ဝဝမရခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်နိမ့်ကျခြင်း၊ ကလေးများ ပညာသင်ကြားရန် အခြေအနေကောင်း မရှိခြင်း၊ တစ်နေ့စာ အလုပ်ရမှ တစ်နေ့တာ အခြေခံစားဝတ်နေမှုကိုရခြင်း သို့မဟုတ် တစ်နေ့စာ အလုပ်ရဖို့ကို ခက်ခဲနေခြင်းကြောင့် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးတို့က စီးပိုးနေခြင်း အစရှိသည်တို့ဖြစ်ပါသည်။

 

ဒီမိုကရေစီကင်းမဲ့သည့် ခေတ်ကာလများတွင် နိုင်ငံရေး မတည်ငြိမ်မှု၊ အာဏာရှင်တို့၏ ကိုယ်ကျိုးရှာမှု၊ ပြည်သူလူထုအပေါ် ဖိနှိပ်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှုနှင့်အတူ စီးပွားရေး လူမှုရေးကွာဟချက် အလွန် ကြီးမားမှုတို့ကြောင့် နိုင်ငံသားတို့ ဆင်းရဲမှု နွံတွင်းထဲသို့ တစ်စတစ်စ တိုးရင်းတိုးရင်း နစ်သထက်နစ်ခဲ့ရ၏။

 

ယခု စတင်ပြောင်းလဲလာသော ဒီမိုကရေစီ အလေ့အကျင့်များအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျဖိတ်ခေါ်ရင်း လုပ်နည်းလုပ်ဟန်ပြင်ဆင်မှုများ၊ ကြိုးနီစနစ်ဖြေလျှော့မှုများ၊ ဥပဒေနည်းဥပဒေများ ခိုင်မာအောင် တာဝန်ခံမှုများက ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများကို တိုးမြင့်အောင်လုပ်ပေးနိုင်မည်ဆိုလျှင် ပြည်သူတို့ ဆင်းရဲမှုက ရုန်းထွက်နိုင်မည့် လမ်းစများ ပေါ် ပေါက်လာမည်ဟု ယူဆပါသည်။

 

ဆင်းရဲမှုကလွတ်မြောက်ဖို့က ဆင်းရဲသူတို့ကို စားဝတ်နေရေး အထောက်အပံ့များ ကူညီရုံသက်သက်မျှဖြင့် ဖြစ်မြောက်သွားမည် မဟုတ်။ ဆင်းရဲမှုအောက်က လွတ်အောင် ရုန်းထွက်လှုပ်ရှားနိုင်မည့် ဝန်းကျင် ကောင်းများ စီမံပေးခြင်း၊ အလုပ်အကိုင်အခွင့်အရေးများ ဖော်ဆောင်ပေးခြင်း စသည့် ရုန်းကန်လှုပ်ရှားနိုင်မည့် အခြေအနေကောင်းများ ဖန်တီးပေး ဖို့လိုပါမည်။

 

ယင်းသို့သော ဝန်းကျင်ကောင်းများ ဖန်တီးရာတွင် ဗဟုသုတ အသိပညာကြွယ်ဝရေးနှင့် သက်မွေးဝမ်းကျောင်းပညာရပ်များကို ဆည်းပူးနိုင်သည့် အခွင့်အလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပေးရန်လည်း လိုပါမည်။

 

ဆင်းရဲတွင်းမှ လွတ်မြောက်ရေးဆိုသည်မှာ အလုပ်အများကြီး လုပ်နိုင်ကြဖို့လိုပါသည်။ အလုပ်အကိုင်အခွင့်အလမ်း များများဖော်ဆောင် ဖန်တီးပေးနိုင်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်ပေး နိုင်ခြင်းတို့သည်သာ လွတ်မြောက်ရာလမ်းဖြစ်ပါမည်။

 

ပြည်သူတို့မှာ စွမ်းအား၊ စွမ်းရည်နှင့် လွတ်မြောက်လိုစိတ်ပြင်းပြမှု တို့က ရှိပြီးဖြစ်ပါသည်။ ထိုစွမ်းအား စွမ်းရည်တို့ရှိသည့်အတိုင်း လုပ်ကိုင်နိုင်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းဖြင့် ပြည်သူတို့ မျှော်လင့်ခဲ့ကြသည့် နေ့စဉ်လူမှုဘဝများ လုံခြုံပြေလည်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း