မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုနိမ့်ကျမှုကြောင့် ဆင်းရဲမှုနှုန်း အစဉ်အဆက်မြင့်မား လျက်ရှိသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံကာ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကျေးလက်ဒေသများ၏ အဓိကလိုအပ်ချက်များအတွက် ဖြန့်ခွဲဆောင်ရွက် ပေးနေသည်ကို တွေ့ရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာရှိသည့် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရန်မှာ မလွယ်ကူသော်လည်း ဖြန့်ခွဲ ဆောင်ရွက်လျက်ရှိသဖြင့် ယခင်ထက်စာလျှင် ပိုမိုဖွံ့ဖြိုးလာသည်ဟု ဆိုနိုင်သည်။ ထိုအရေးကို အလေးပေးသည့် ပြည်သူ့အစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)ကို အကောင် အထည်ဖော်နေသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုနှေးကွေး နေရခြင်းသည် အစဉ်အဆက် အစိုးရတစ်ရပ်တည်းကသာ ဆောင်ရွက်နေရသောကြောင့် ဖြစ်သည်။ တစ်နည်းဆိုလျှင် ပြည်သူမပါ၊ မိတ်ဖက် မပါသောကြောင့်လည်း ဖြစ်သည်။
ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများမှ ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူအများစု သည် မြန်မာနိုင်ငံကဲ့သို့ပင် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ဆင်းရဲမှုနှုန်းမြင့်မား ကြသည်။ ထို့ကြောင့် လူမှုဘဝမြင့် မားရေးနှင့် ဆင်းရဲမှုပပျောက်ရေးကို အာဆီယံနိုင်ငံအစိုးရများက ဦးစားပေး ဆောင်ရွက်နေချိန်၌ ပေါ်ထွက်လာမည့်ရလဒ်များ သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
ဒေသတွင်းနိုင်ငံများရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုပပျောက်ရေးနှင့် သက်ဆိုင်သည့် ပြဿနာများ ဖြေရှင်းခြင်း၊ ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟ ချက်ကျဉ်းမြောင်းရေး ဆောင်ရွက်ခြင်းများတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံက အာဆီယံကို ကူညီသည့် စိတ်ဓာတ်ဖြင့် အတူတကွ အားထုတ် လုပ်ဆောင်ပေးနေကြသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အဖွဲ့ဝင် နိုင်ငံ အသီးသီးက တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အကောင်းဆုံး ဆောင်ရွက်နိုင်မှုများကို မျှဝေကြမည်ဖြစ်သည်။
လူမှုဘဝမြင့်မားသည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များသာမက ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပါဝင်ဖြည့်ဆည်းပေးခြင်းသည် အထောက်အပံ့ကောင်းများ ဖြစ်စေသည်။ ယခင်နှစ်များက အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ ချရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာအောင် ဆွဲဆောင်စည်းရုံး လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ကျေးလက်လူ့အဖွဲ့ အစည်းများ အတူတကွပူးပေါင်း ဆောင်ရွက်ကြပြီး အတွေ့အကြုံများကို အပြန် အလှန်ဖလှယ်နိုင် သည်နှင့်အမျှ အာဆီယံဒေသရှိ ကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်သည်ထက်မြင့်လာမည် ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးကဏ္ဍကို အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းအောက်တွင် စတင်ဆောင်ရွက်စဉ် ကတည်းက ကုလသမဂ္ဂက ချမှတ်ပေးထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေး ပန်းတိုင်များ ပြည့်မီရေးအတွက် အာဆီယံ၏အားထုတ်မှုကို အားဖြည့်ပေးရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရမည့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ပြည့်မီစေရန် ထပ်မံအားထုတ်သည့်နေရာတွင် ယခုအစီအစဉ်များသည် ခွန်အားများပင် ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးလာ ရန်ဆောင်ရွက်စဉ် ပြည်သူ့အစိုးရက အကောင်အထည်ဖော်ဆောင်နေသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၁၈-၂၀၃၀) အောင်မြင်အောင် အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ခြင်းဖြင့် အာဆီယံ နိုင်ငံများရှိ ကျေးရွာများနှင့်အတူ ဆင်းရဲမှုမှလွတ်ကင်း ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါသည်။ ။
