ရန်ကုန် ၁၇ သြဂုတ်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း (မြန်မာနိုင်ငံ) တရုတ်အဖွဲ့အစည်း (CFPA)၏ ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ပညာရေးဝန်ကြီးဌာနသို့ လွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ချက်ထရီယံဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြန်မာနိုင်ငံပညာရေးကဏ္ဍသည် ယခုလက်ရှိအခြေအနေတွင် နိုင်ငံ့၏ကြီးမားသည့် ရည်မှန်းချက်တစ်ခုအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပညာမြင့်မှ လူမျိုးတင့်မည်ဆိုသည့် ဆောင်ပုဒ်အရ အစိုးရ ဌာနဆိုင်ရာအနေဖြင့်လည်း စွမ်းစွမ်းတမံ လုပ်ဆောင်နေသည့်အလျှောက် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများဘက်မှလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရန်အတွက် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်ဘဲ၊ နိုင်ငံအတွင်းရှိ ပညာရှင်များ၊ နိုင်ငံသူနိုင်ငံသားများ သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားလုံး ဟန်ချက်ညီညီဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr. Yang Shouzheng က အမှာစကားပြောကြားပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ Mr. Wang Xingzui က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း (မြန်မာနိုင်ငံ) တရုတ်အဖွဲ့အစည်း (CFPA)၏ ၄ နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (မြန်မာနိုင်ငံ) တရုတ်အဖွဲ့အစည်း၏ ဆောင်ရွက်မှုများကို ဗွီဒီယိုဖြင့် ပြသပြီး ပေါက်ဖော်ပညာသင်ဆုရ ကျောင်းသားကျောင်းသူများနှင့် Panda Pack ရရှိသော ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် လွယ်အိတ်နှင့် စာရေးကိရိယာအစုံ တစ်သိန်းအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းထံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ Mr. Wang Xingzui က ပေးအပ်သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံမှူး Mr. Yang Shouzheng နှင့် ဒုတိယဥက္ကဋ္ဌ Mr. Wang Xingzui တို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူလေးများအား လွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်ပြီး ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ 

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (မြန်မာနိုင်ငံ) တရုတ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်ကို ၂၀၁၅ ခုနှစ်တွင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ကူညီထောက်ပံ့ပေးသည့် စီမံချက်လုပ်ငန်းများကို တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပေါက်ဖော်ပညာ သင်စရိတ်ထောက်ပံ့ခြင်းစီမံချက်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်စရိတ် ထောက်ပံ့ခြင်းစီမံချက်၊ Panda Pack လွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းစီမံချက်နှင့် ရေကောင်းရေသန့်ရရှိရေးစီမံချက် စသည်တို့ကို စီမံကိန်း ၄ နှစ် တာကာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်