ပေကျင်း၂၃ နိုဝင်ဘာ

 

ဆင်းရဲသည့် နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သာတူညီမျှရရှိစေရေးအတွက် ရန်ပုံငွေနှင့်ဆေးဝါးအကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ ထိပ်တန်း စီးပွားရေးအင်အားကြီး ဂျီ-၂၀ နိုင်ငံ့ခေါင်းဆောင် များက ကတိပြုပြောကြားခဲ့သည်။

မျှတစွာရရှိရေးအခြေခံအကျဆုံး

ဆော်ဒီနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသည့် ယင်း ဂျီ-၂၀ အစည်းအဝေးပွဲတွင် ကမ္ဘာ့နိုင်ငံများ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး မျှတစွာရရှိရေးမှာ ပြည်သူတစ်ရပ်လုံးအကျိုးစီးပွားအတွက် အခြေခံအကျဆုံး ဆောင်ရွက်ချက်အဖြစ် ခေါင်းဆောင်များအားလုံးက ရှုမြင် သည်။

ကိုဗစ်-၁၉ ရောဂါမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု မြင့်မားသည့်နိုင်ငံများကြား ပိုင်းခြားမှုကို ဖြစ်စေနိုင်သဖြင့် စီးပွားရေးအင်အားကြီးနိုင်ငံများအနေဖြင့် ဆင်းရဲသည့် နိုင်ငံများအားလုံးကို ကူညီနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ခေါင်းဆောင်များက ယူဆသည်။

ပြင်သစ်သမ္မတ မက်ခရွန်က ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ပုံမှန်အခြေအနေပြန်ရောက်ဖို့နဲ့ ကိုဗစ်-၁၉ရောဂါကို ကာကွယ်နိုင်ဖို့ ကိစ္စနှစ်ရပ်စလုံးကို လျင်လျင် မြန်မြန် ဖော်ဆောင်နိုင်ပါလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံတွေ အနေနဲ့ အခြေအနေတွေ ပြတ်ကျန်ခဲ့တာမျိုး ကျွန်တော်တို့ မလိုလားပါဘူး။ သူတို့ ပြန်လည်နာလန်ထူလာဖို့ ဝိုင်းကူဖို့လိုပါတယ်ဟု ပြောကြားခဲ့သည်။ ဂျာမနီအဓိပတိမာကယ်လ်ကလည်း ဂျာမနီနိုင်ငံအနေဖြင့် ယူရိုသန်း ၅၀၀  ကျော်ကို ကူညီပံ့ပိုးပေးမည်ဖြစ်သလို အခြားနိုင်ငံများအနေဖြင့်လည်း ရန်ပုံငွေထည့်ဝင်လှူဒါန်းရန် တိုက်တွန်း လိုက်သည်။

လှူဒါန်းရန်ကတိပြု

ရုရှားသမ္မတ ပူတင်က ရုရှားထုတ်အလားအလာ ကောင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လှူဒါန်း မည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကမူ သုတေသန၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးတို့ တွင် အခြား ဂျီ-၂၀ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း ဆိုသည်။

ဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မတထရမ့်က စီးပွားရေးပြန်လည်ကောင်းမွန်လာရေး ကိစ္စရပ်များကိုသာ အလေးထားဆွေးနွေးခဲ့ပြီး ယမန်နေ့ ညပိုင်းကထုတ်ပြန်ခဲ့ သည့် အိမ်ဖြူတော်အစီရင်ခံစာအကျဉ်းတွင်လည်း အမေရိကန်မှ ဆင်းရဲသည့်နိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးကိစ္စရပ်ကိုမူ ထည့်သွင်းဖော်ပြခဲ့ ခြင်းမရှိကြောင်း သိရသည်။

ကိုးကား - စီအင်န်အေ၊ ဘာသာပြန် - မေလဲ့သင်း