နေပြည်တော် ဖေဖော်ဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်ရှိ ဆင်သေ ဆည်ရေသောက်စနစ် လက်ဝဲ/လက်ယာ တူးမြောင်းစနစ်များမှ နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တပ်ကုန်းမြို့နယ် အတွင်း ရေအေးကွင်းစနစ်ကျ လယ်ယာမြေ၊ ညောင်တုန်းအိုင် ကျေးရွာ နွေစပါးစိုက်ခင်း၊ ပေတောကွင်း စနစ်ကျလယ်ယာမြေနှင့် ကျေးချောင်းကျေးရွာရှိ နွေစပါးနှင့် နွေသီးနှံစိုက်ခင်းများကို စိုက်ပျိုးရေပေးဝေမှု၊ မြေယာထွန်ယက်နေမှုနှင့် စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ပြန်လည်ပြုပြင်
ထို့နောက် ကျေးရွာအလိုက် ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ယခင်နှစ် နွေသီးနှံရေပေးရာသီတွင် မန္တလေး ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်နှင့် ရေသောက် စနစ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ယာယီအစီအစဉ်ဖြင့် ခက်ခက်ခဲခဲ စိုက်ပျိုးရေ ပေးဝေခဲ့ရကြောင်း၊ ယခုနှစ်တွင် ရေသောက်စနစ်များ ပြန်လည်ပြုပြင်ခဲ့ပြီး စိုက်ပျိုးရေ ပေးဝေရာတွင် အလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာဖြင့် စနစ်တကျ ထိရောက် အကျိုးရှိစွာ သုံးစွဲကြရန်၊ အချိန်အခါအလိုက် စိုက်ပျိုးရေ ရရှိမှုအပေါ်မူတည်၍ သုံးသီး စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ရေပေးမြောင်း၊ ရေနုတ်မြောင်းစနစ်များ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် လယ်ကြား မြောင်းများအား တောင်သူများ ပူးပေါင်းပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (WUG) များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အစဉ်ကောင်းမွန်စေရေး ထိန်းသိမ်း ဆောင်ရွက်ကြရန် မျိုးကောင်း မျိုးသန့်ရရှိရေး သွင်းအားစုစနစ်များ အားကောင်းစေရေး၊ နှစ်စဉ် မိုးစပါး နွေစပါး စိုက်ပျိုးလျက်ရှိသည့် ရေသောက်ဧရိယာများ၏ မြေဆီလွှာများအားကို စမ်းသပ် စစ်ဆေးပြီး အာဟာရဓာတ်များနှင့် အရည်အသွေး ကျဆင်းပျက်စီးခြင်းမဖြစ်အောင် ကြိုတင်စီမံ ဆောင်ရွက်သင့်သည်များ၊ ဒေသ ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် သီးနှံပုံစံများနှင့် စိုက်နည်းစနစ်များအား သက်ဆိုင်ရာဦးစီးဌာန၊ စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့များမှ ပူးပေါင်းကွင်းဆင်း အသိပညာပေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တပ်ကုန်း မြို့နယ် ကင်မွန်းတန်းကျေးရွာ အနီးရှိ အချင်း ၁၀ လက်မ၊ အနက် ပေ ၃၀၀ စက်ရေတွင်း အမှတ်(၁) တူးဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စက်ရေတွင်းများကို ဒေသအလိုက်မြေအောက် ရေအောင်းလွှာ အခြေအနေပေးမှု အပေါ်မူတည်၍ စနစ်တကျ တူးဖော်ကြရန်၊ မြေအောက်ရေ ပြန်လည် ဖြည့်တင်းမှု အခြေအနေအား အမြဲမပြတ် စောင့်ကြည့်ဆန်းစစ်ကြရန်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဒေသခံတောင်သူများ၏ အခက်အခဲ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


