နေပြည်တော် နိုဝင်ဘာ ၄

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် လုပ်မှုများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်း မျိုးသန့်များ ရွေးချယ်၍ စနစ်တကျစိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေး ကြိုးပမ်းဆောင်ရွက်၍ နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ၌ ပျဉ်းမနားမြို့နယ်မှ ကျေးရွာ (၄)ရွာနှင့် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံကာ ဆင်သေချောင်း ဝဲယာရှိ စိုက်ပျိုးမြေများ၌ ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် နွေစပါးစိုက်ပျိုးရေး လျာထားဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်နေမှုကို   ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ဆင်သေချောင်းဘေးဝဲယာရှိ စိုက်ပျိုးမြေအမျိုးအစားအလိုက် ဆိုလာရေတင်စနစ် ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းပြေားကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ သနပ္ပင်ဆိပ်ကျေးရွာ၊ ကင်ပွန်းတန်းကျေးရွာ၊ အလယ်ရွာနှင့် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက် ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိုက်ပျိုးရေလိုအပ်မှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များတင်ပြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးဝင်းအတွင်း မြေ(၂ ဒသမ ၇)ဧက၌ သမဝါယမဦးစီးဌာနက ကြီးကြပ်စိုက်ပျိုးထားသော ဂရိတ်ဝေါ တူမောရိုး စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ GW-11 စပါးမျိုး စမ်းသပ်စိုက်ကွက် ရိတ်သိမ်းခြွေလှေ့ နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

GW-11 စပါးမျိုးများကို ဇူလိုင် ၂၇ ရက်မှစတင်၍ ဖော်ပြပါစိုက်ခင်း၌ ပျိုးထောင်စနစ်၊ အစေ့ချ(စီဒါ)စနစ်၊ ကြဲပက်စနစ်စသည့် စိုက်ပျိုးနည်းစနစ် (၃)မျိုးဖြင့် စိုက်ပျိုးခဲ့ပြီး ယနေ့ရိတ် သိမ်းခဲ့သော ပျိုးထောင်စနစ်စိုက်ဧက (၁) ဧကမှ စပါး (၁၂၆) တင်း ထွက်ရှိပြီး ကျန်စိုက်ဧကများကို ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်