တောင်ကြီး ၁၇ ဇွန်
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသူ မြန်မာ့သစ်လုပ်ငန်း တောင်ကြီးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား တစ်ဦးအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ခြင်းအခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တောင်ကြီးမြို့၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လူမှုဖူလုံရေးရုံးတွင် ကျင်းပရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အာမခံထားရှိသူ၏ မိသားစုဝင်များ တက်ရောက်ကြသည်။
သေဆုံးသူ အာမခံအလုပ်သမား ဦးဇော်မင်းထွေးမှာ ဧပြီ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် ဖိုကုန်းရပ်ကွက်၊ ထိန်ပင်အုပ်စု၊ ရွာဆိုးကျေးရွာအနီး ဆင်စခန်းတွင် သစ်ပင်ပျိုးအိတ်များ ချနေစဉ် ဆင်စားကျက်မှ ဆင်တစ်ကောင်က ထိုးသတ်ခဲ့သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ လူမှုဖူလုံရေး ဥပဒေအရ ဦးဇော်မင်းထွေးသည် လုပ်ငန်းခွင်တွင် အလုပ်တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည့်အတွက် လူမှုဖူလုံရေးအဖွဲ့မှ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၅၄ သိန်း ကို မိသားစုထံ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်တင်တင်အောင်က လူမှုဖူလုံရေးဥပဒေအား ရှင်းလင်းတင်ပြပြီး မြန်မာ့သစ်လုပ်ငန်း တောင်ကြီးသစ်ထုတ်လုပ်ရေးဒေသ လက်ထောက်မန်နေဂျာ ဦးဝေလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သီတာဦး