၁၂ သြဂုတ်
Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေက ခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီး ခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။
ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေ ပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓာကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့
(၁) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အခွံခွာပါ။
အတွင်းသားကို ပန်းကန်လုံးထဲထည့်ခြေပါ။
ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပါ။
လိမ်းထားပြီး နာရီဝက်လောက်ကြာတဲ့အခါ ရေအေးနဲ့ ဆေးချပါ။(ရေမချိုးခင် လိမ်းမယ်ဆို ရေချိုးချလိုက်ရုံပါပဲ)
တစ်နေ့နှစ်ကြိမ် လိမ်းပါ။
(၂) ဗီတာမင် E
ဗီတာမင် E အလုံးလေးတွေကို ဖောက်ပြီး အမာရွတ်ရှိတဲ့နေရာကို လိမ်းပါ။
၁၀ မိနစ်လောက်ကြာအောင် နှိပ်နယ်လိမ်းပါ။
လိမ်းထားပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးနဲ့ဆေးပါ။
တစ်နေ့သုံးကြိမ် လုပ်လို့ရပါတယ်။
(၃) ပျားရည်
အိပ်ရာမဝင်ခင် အမာရွတ်ပေါ် ပျားရည်ပါးပါးလေးလူးပါ။ (သိပ်များရင်ပုရွက်ဆိတ်ကိုက်ပါလိမ့်မယ်နော်)
ပျားရည်လိမ်းထားတဲ့အပေါ်မှာ ပတ်တီး သို့မဟုတ် အဝတ်ပါးလေးနဲ့ပတ်အုပ်ပါ။
တစ်ညထားအိပ်လိုက်ပါ။
မနက်ကျရင် ပတ်တီးကိုဖြည်ပြီး ရေနွေးနွေးနဲ့ ဆေးချပါ။(ရေနွေးစပ်ချိုးပါ)
ညတိုင်းလုပ်လို့ရပါတယ်။
(၄) အုန်းဆီ
အုန်းဆီသုံးဇွန်းလောက်ကို အပူပေးပါ။
အမာရွတ်မှာ ၁၀ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
အုန်းဆီကို အရေပြားက စုပ်ယူနိုင်စေဖို့ တစ်နာရီလောက် ထားပေးပါ။
တစ်နေ့ကို နှစ်ကြိမ်ကနေ လေးကြိမ် လုပ်ပေးနိုင်ပါတယ်။
(၅) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည် ၂ ဇွန်းကို ပေါင်းခံရေ ၄ဇွန်းရောပါ။
(ရေနွေးအိုးအလယ်မှာ ပန်းကန်လုံးတစ်လုံးနဲ့ထည့်ပေါင်းလိုက်ရင် ပေါင်းခံရေ ရပါတယ်)
ရောထားတဲ့အရည်ကို ဂွမ်းလုံးလေးနဲ့ ဆွတ်ယူပြီး အမာရွတ်မှာ တို့ပေးပါ။
ခြောက်အောင်ထားပါ။
ညအိပ်ခါနီး အခုလို တို့ပြီး မနက်ကျ ရေဆေးချပါ။
(၆) သံလွင်ဆီ
သံလွင်ဆီ ( extra-virgin olive oil) ၃ ဇွန်းကို လာဗင်ဒါအဆီ ၃ စက်ထည့်မွှေပါ။
အမာရွတ်ရှိတဲ့နေရာကို ၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
လိမ်းပြီး နာရီဝက်လောက်ထားပါ။
ရေနွေးနွေးနဲ့ ဆေးချပါ။
တစ်နေ့ ၃ ကြိမ်လုပ်လို့ရပါတယ်။
(၇) သံပရိုသီး
လတ်ဆတ်တဲ့ သံပရိုသီးကို အူတိုင်ရှောင်ပြီး အစိတ်လေးတွေလှီးပါ။
အမာရွတ်ရှိတဲ့နေရာလေးတွေမှာ ညင်ညင်သာသာပွတ်ပေးပါ။
ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ဆေးချပါ။
ဒီနေ့ဒီအချိန်ဆို နောက်နေ့ဒီလိုအချိန်မှ ထပ်လုပ်ပါ။
(၈) အာလူး
အာလူးတစ်လုံးကို မထူမပါးအကွင်းလိုက်လှီးပါ။
အမာရွတ်ရှိတဲ့နေရာမှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပါ။
အာလူးကွင်းက နွမ်းခြောက်လာပြီဆို ဖယ်ပြီး နောက်တစ်ကွင်းလဲပါ။
မိနစ် ၂၀ လောက်ဆက်လုပ်ပြီး ခြောက်အောင် ဒီအတိုင်း ၁၀ မိနစ်ထားပါ။
ရေအေးနဲ့ဆေးပါ။
တစ်နေ့တစ်ကြိမ်လုပ်နိုင်ပါတယ်။
(၉) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ၂ဇွန်းကို ပေါင်းခံရေနည်းနည်းနဲ့ အနှစ်ဖြစ်အောင်ရောမွှေပါ။
အမာရွတ်ရှိတဲ့နေရာကို ပေါင်းခံရေနည်းနည်း အရင်ဆွတ်ပြီး အနှစ်ကို သုတ်လိမ်းပါ။
လိမ်းထားတဲ့အပေါ်မှာ ရေနွေးဝတ်နဲ့ ၁၅ မိနစ်အုပ်ထားပါ။
ရေဆေးချပါ။
သတိပြုဖို့က
ဒီနည်းတွေအကုန်လုံးကို အနာပေါ်သုံးလို့မရပါဘူးနော်။ အနာပေါက်မရှိတဲ့ အမာရွတ်နဲ့တဝိုက် အသားအရေကိုသာသုံးပေးရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ဓာတ်မတည့်တဲ့ပစ္စည်းပါရင် မသုံးရပါ။ ဆေးတွေလို ချက်ချင်းကြီး ရက်တိုအတွင်းအမာရွတ်ပျောက်စေမှာမဟုတ်ပေမယ့် ဘေးမရှိဘဲ တဖြည်းဖြည်းချင်းသိသာလာတာ သဘာဝပစ္စည်းလေးတွေရဲ့အစွမ်းပါ။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”