၁၉ ဖေဖော်ဝါရီ

 

ရန်ကုန် မြို့ ဗိုလ်တထောင်ဆိပ်ကမ်းအနီး ဖေဖော်ဝါရီ၁၄ ရက်ညနေခင်း သုံးနာရီခွဲကျော် အချိန်။

 

ဗိုလ်တထောင်ဆိပ်ကမ်းအနီး ညပိုင်း ရောင်းချမည့် ဈေးသည်တို့က ခုံများချ၊ ဆိုင်များခင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ဗိုလ်တထောင် ဆိပ်ကမ်းတစ်လျှောက် တန်းစီရပ်တန့်ထားသော အပျော်စီးသင်္ဘော ငယ်များကိုကြည့်ရင်း စိတ်မောနေခိုက် မိမိအား ခေါ်လိုက်သော အသံကြောင့်လှည့်ကြည့်မိရာ ဒလမြို့နယ် ပြန်/ဆက် သတင်းထောက် ဖြစ်နေသည်။ သူလည်း မိမိကဲ့သို့ပင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ ရေယာဉ် ခရီးစဉ်သစ် မိတ်ဆက်ပွဲသို့ လာရောက်ခြင်း ဖြစ်သည်။

 

အမှတ် (၅) ဗေဗောတံတားအတွင်း ရင်ပေါင်တန်းရပ်တန့်ထားသော သင်္ဘော သုံးစင်းအနက် အလယ်တွင် နေရာယူထားသော တေဇသင်္ဘောပေါ်သို့ ဖိတ်ကြားထား သည့်အချိန် ညနေ ၄ နာရီမတိုင်မီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိခဲ့သည်။

 

ကျင်းတင်ပြုပြင်လျက်ရှိ

 

“ကျွန်တော်တို့ တေဇရေယာဉ်သင်္ဘောကို မြစ်တွင်းအပျော်စီးရေယာဉ်အဖြစ် အသုံးပြုနိုင်ဖို့ ဒဂုံဆိပ်ကမ်းသင်္ဘောနဲ့ ဒလသင်္ဘောကျင်းတွေမှာ လိုအပ်တဲ့ပြုပြင်မှုတွေ၊ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရရေးတွေကို ဦးစားပေးပြီး ဒီဇိုင်းသေချာဆွဲကာ ပြုပြင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်း ရေကြောင်းမှာတော့ အခုလို အပျော်စီး သင်္ဘောအနေနဲ့က တေဇရေယာဉ်အပြင် တိုးပွားရေယာဉ်ဆိုပြီးလည်း ရှိပါတယ်။ လက်ရှိမှာ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှာ ကျင်းတင်ပြုပြင်လျက်ရှိပါတယ် ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့် က ပြောသည်။

 

ခရီးစဉ်သစ်ကို စတင်ခြင်း

 

ရန်ကုန်မြစ်တွင်း အပျော်စီးရေယာဉ် ခရီးစဉ်သစ်ကို စတင်မိတ်ဆက်သည့် “တေဇ ရေယာဉ်ကို ၁၉၅၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ခရီးလမ်းများတွင် အသုံးပြုခဲ့သည်။ ၂၀၁၂ ခုနှစ်သို့ အရောက်တွင် မြစ်တွင်းအပျော်စီးရေယာဉ်အဖြစ် ပြုပြင်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လချုပ်ဖြင့်ငှားရမ်းခြင်း၊ ခရီးစဉ်အလိုက် ငှားရမ်းအသုံးပြုခြင်းများ ခွင့်ပြုပေးခဲ့သည်။ ယခုအခါ ပြည်တွင်းရေကြောင်းအနေဖြင့် ဌာနဝင်ငွေ တိုးတက်ရေး၊ ပြည်သူများ လေကောင်းလေသန့် ရှူရှိုက်ကာ စိတ်နှလုံး အပန်းပြေစေရေး၊ ရန်ကုန်မြို့၏ ညအလှနှင့် ဒလမြို့၏ သဘာဝအလှကို တစ်ပြိုင်နက်တည်း ခံစားစေနိုင်ရေးဟူသော စိတ်ကူး စိတ်သန်းကောင်းများဖြင့် ခရီးစဉ်သစ်ကို စတင်ခြင်းဖြစ်သည်။ ခရီးသည် ၁၂၀ ခန့် တင်ဆောင်ကာ “တီ အမျိုးအစားရေယာဉ် ဖြစ်သော တေဇရေယာဉ်သည် တစ်ထပ်သင်္ဘောဖြစ်ပြီး သင်္ဘောအမိုးပေါ်တွင် အခမ်းအနားများ၊ ပါတီပွဲများ၊ မင်္ဂလာပွဲများ၊ မွေးနေ့ပွဲများ ကျင်းပနိုင်ရန်နေရာရှိသည်။

 

ခရီးစဉ်သစ်မိတ်ဆက်ခြင်းကို ညနေ ၅ နာရီတွင် ဗိုလ်တထောင်ဗောတံတားမှ စတင်ထွက်ခွာခြင်းဖြင့် အစပြုသည်။

 

တည်ဆောက်ရေးကာလ မကြာသေးသော်လည်း မြစ်အတွင်းထိုးထွက်နေရာ ယူထားသော ဒလတံတားကြီးကို ကြည့်ရင်းအံ့ဩရသည်။ ရန်ကုန်ဘက်ခြမ်း၊ ဒလ ဘက်ခြမ်းတို့မှနေ၍ တိုးထွက်နေပြီး မကြာမီ ရန်ကုန်မြစ်အလယ်၌ ပေါင်းဆုံစည်းကြတော့မည်။

 

သင်္ဘော လေး - ငါး စင်းခန့် ရပ်တန့်

 

တွံတေးမြစ်ဝနားအရောက်တွင် မာလိန်မှူး က တေဇသင်္ဘောကိုပြန်ကွေ့ကာ ရန်ကုန်ဘက် | အခြမ်း ကပ်၍ မောင်းနှင်သည်။ ရန်ကုန်မြစ်တစ်လျှောက်တွင် ရန်ကုန်-ဒလ ကူးလူး ဆက်သွယ်နေသည့် လှေသမ္ဗန်များကို နေရာအနှံ့တွေ့ရသည်။ ဗိုလ်တထောင်ဆိပ်ကမ်းနား ပြန်အရောက်တွင် မြစ်တွင်းသွား အပျော်စီး သင်္ဘော လေး-ငါး စင်းခန့် ရပ်တန့်ထားသည် ကို တွေ့ရသည်။

 

နေဝင်ဆည်းဆာချိန် အလှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် တေဇရေယာဉ် ငှားရမ်းမှုကို တစ်နာရီလျှင် ကျပ်နှစ်သိန်းခွဲခန့် သတ်မှတ်ထားပြီး အချိန်နှင့် ဝန်ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း သီးခြားခွဲခြားထားသည်။ ရန်ကုန်မြစ် တစ်လျှောက်သာမက တွံတေးမြို့၊ မအူပင် မြို့များသို့လည်း အပျော်စီးခရီးစဉ်အဖြစ် ရေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုကိုလည်း ရရှိနိုင်သည်ဟုဆိုသည်။ ခရီးသွားလာရာတွင် အတွေ့အကြုံသစ်တစ်ခုအနေဖြင့် မြစ်တွင်း အပျော်စီးရေယာဉ်ကို စီးနင်းကာ ညနေခင်း နေဝင်ဆည်းဆာချိန် အလှ၊ မြစ်ကမ်းပါး၌ ယိမ်းနွဲ့နေသော အပင်ရှည်ကြီးများ၏ သဘာဝ အလှများကို အပြောင်းအလဲတစ်ခုအဖြစ် ရန်ကုန်သူရန်ကုန်သားတို့အား ကြည့်ရှုခံစားနိုင်ရန် တင်ပြလိုက်ရပါသည်။ ။

 

ရှင်နော်