၁။ ၂၀၁၉ခုနှစ်၊ မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေများရှိ ဆည်ကြီးများနှင့် ရေလှောင်တမံအချို့တို့တွင် ရေဝင်ရောက်မှု နည်းခဲ့သဖြင့် ယမန်နှစ်များထက် လက်ကျန်ရေလှောင် ပမာဏ နည်းပါးခြင်းများ ကြုံတွေ့ရလျက်ရှိပါသည်။ ထိုဆည်များ၊ ရေလှောင်တမံများ၏ အကျိုးပြု ရေသောက်ဧရိယာများတွင် နှစ်စဉ်စိုက်ပျိုးနေကျဖြစ်သော ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေ ပေးဝေနိုင်မည့်ပမာဏ လျော့နည်းခြင်းနှင့် လုံးဝပေးနိုင်မှု မရှိနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ သို့ဖြစ်၍ တောင်သူလယ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်ရေးနှင့် သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ ဒေသရေမြေ အခြေအနေများအပေါ် မူတည်လျက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုနှိုးဆော်အပ်ပါသည်။
(က) စိုက်ပျိုးရေအလေအလွင့်မရှိအောင် အသုံးပြုခြင်း
နှစ်စဉ်ပေးဝေနေကျ ရေပမာဏအပြည့်အဝ မရရှိနိုင်သော ဆည်နှင့် တမံရေသောက်ဧရိယာများတွင် ရရှိသောရေကို အချိန်ကိုက်ရယူလျက် ရေအလေအလွင့် ဖြစ်ပေါ်မှုမရှိအောင် သီးနှံရွေးချယ်မှုနှင့် စိုက်ပျိုးချိန် အများစု တူညီအောင် ချိန်ညှိစိုက်ပျိုးကြရန်
ရေအလေအလွင့် ဖြစ်ပေါ်မှုနည်းပါးသည့် ရေသွင်းနည်းလမ်းများဖြင့် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေများကို ရယူအသုံးပြုကြရန်
ထိုဧရိယာများအတွင်း ရှိပြီးဖြစ်သည့် ရေပိုထုတ်ကန်များ၊ မြောင်းများမှ ရေစုပ်စက်ဖြင့် ရေတင်ခြင်း၊ စက်ရေတွင်းများမှ ရေတင်ခြင်းများဖြင့် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေ ရရှိရေးကိုလည်း ဆောင်ရွက်ကြရန်
(ခ) ရေရရှိရေးလုပ်ငန်းအသစ်များ ဖော်ထုတ် အသုံးချခြင်း
ရေသောက်ဧရိယာအနီးပတ်ဝန်းကျင်ရှိ ရေပိုထုတ်မြောင်းများ၊ ကန်များမှ ရေများကို သင့်လျော်မည့် နည်းလမ်းများဖြင့် ပိတ်ဆို့သိုလှောင်ပြီး ရေစုပ်စက်များဖြင့် ရေတင်စိုက်ပျိုးခြင်း
ရေသောက်ဧရိယာအတွင်း မြေအောက်ရေရရှိနိုင်မည့် နေရာများ ရွေးချယ်ပြီး စက်ရေတွင်းများ တူးဖော်လျက် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေ တိုးချဲ့ပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း
(ဂ) လက်ကျန်အစိုဓါတ်များစွာရှိသော ဧရိယာများတွင် ချက်ချင်းထွန်ယက်စိုက်ပျိုးခြင်း
မိုးစပါးရိတ်သိမ်းပြီးလျှင်ပြီးချင်း ရိုးပြတ်များကို ထွန်စက်ဖြင့် ချက်ချင်းထွန်ယက်ခုတ်ဖြတ်လျက် သက်တမ်းတို ပဲမျိုးများ စိုက်ပျိုးခြင်း
(ဃ) ရေလိုက်ကြဲစနစ်ဖြင့် သီးကြိုသီးနှံများ စိုက်ပျိုးခြင်း
မိုးစပါးအောင်ရေထုတ်ပြီးချိန်တွင် ရေလိုက်ကြဲစနစ်ဖြင့် ဆောင်းသီးနှံများအား သီးကြိုစိုက်စနစ်ဖြင့် ကြဲပက်စိုက်ပျိုးခြင်း၊
(င) မိုးစပါး ရိတ်သိမ်းချိန်တွင် အစိုဓါတ် ကျန်ရှိနေသေးသော စိုက်ခင်းများတွင် ရိတ်ပြီးလျင်ပြီးချင်း ကုလားပဲ၊ မတ်ပဲ၊ ပဲချဉ်ပေါင်၊ နေကြာစသည့် သီးနှံများ ချက်ချင်း စိုက်ပျိုးခြင်း
(စ) ဆည်ရေ အလုံအလောက် ပေးသွင်းနိုင်ခြင်း မရှိသည့် ဧရိယာများတွင် သီးလှည့်စနစ်ဖြင့် သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်း
ထိုဧရိယာများတွင် နှစ်စဉ်စိုက်ပျိုးနေကျ နွေစပါးသီးနှံအစား ရေလိုအပ်ချက်နည်းပါးသည့် အခြားသော ပဲမျိုးစုံ၊ ဆီထွက်နှင့် ဟင်းသီးဟင်းရွက် သီးနှံများကို မိမိတို့၏ ဒေသအခြေအနေအပေါ် မူတည်၍ ပြောင်းလဲစိုက်ပျိုးခြင်း
(ဆ) နှစ်စဉ်စိုက်ပျိုးနေသော သီးနှံများအတွက် သက်တမ်းတိုသည့် မျိုးများ ရွေးချယ်ပြောင်းလဲ စိုက်ပျိုးခြင်း
(ဇ) ဆည်ရေလုံးဝပေးသွင်းနိုင်ခြင်း မရှိသည့်အပြင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့် ဧရိယာများတွင် မိုးစပါးအပြီး ထယ်ရေးပြင်ဆင်ထားပြီး သင်္ကနြ်မိုးကျသည်နှင့် မိုးကြိုနှမ်း၊ မိုးကြိုပဲတီစိမ်း သို့မဟုတ် မိုးကြိုချည်မျှင်ရှည်ဝါများ စိုက်ပျိုးခြင်း
၃။ တောင်သူလယ်သမားများအနေဖြင့် မိမိတို့ဒေသအတွင်း ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုး ထုတ်လုပ်ရေးတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် သီးနှံနှင့် သီးနှံပုံစံ ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးများသို့ အချိန်မီ ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန