ကျောက်ပန်းတောင်း စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေပို့ဆောင်ရန်၊ ဆည်ပေါက်ရေစုကန်သို့ ဆက်သွယ်ပို့ဆောင်သည့် ငဝစမ်းရေထွက်နှင့် ကြို့ချောင်းရေထွက်များမှ ရေသွယ်ယူသည့် (၁၀)လက်မရေပိုက်လိုင်းမှာ လွန်ခဲ့သည့်ရက်များက ရွာသွန်းမိုးဖြင့် ဆည်ပေါက်ချောင်းရေတိုက်စားမှုကြောင့် ပြတ်တောက်သွားခဲ့ရာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စက်တင်ဘာ (၁၁)ရက် ညနေပိုင်းတွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ကြောင်း သိရသည်။

“ပိုက်တွေက သဲချောင်းအောက် (၃)ပေကျော်(၄)ပေလောက်မှာမြှုပ်ထားတဲ့ (၁၀)လက်မပိုက်တွေပါ။ ကျွန်တော် တို့ ငဝစမ်းနဲ့ ကြို့ချောင်းရေထွက်တွေက ရေကို စုပြီး၊ ဒီပိုက်ကြီးတွေနဲ့ ဆည်ပေါက်ရွာရေစုကန်ကို ပို့တာပါ။ ဆည်ပေါက် ကနေမှတဆင့် မြို့ကိုပို့ရတာပါ။ ဒီပိုက်တွေ ပြတ်တောက်သွားတော့ မြို့အတွက် လောလောဆယ် သောက်သုံးရေပေးဝေမှု နည်းသွားတာပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့က မြို့လူထုသောက်သုံးရေ မခက်ခဲရအောင် လုပ်ရတာတစ်ပိုင်း၊ နောက်ပြီး မိုးသည်းထန်ပြီး ချောင်းရေထပ်ကျလာမှာဆိုးလို့ တွန်းပြီးလုပ်ရတာက တစ်မျိုးပေါ့ဗျာ။ တကယ်ဆိုရင်တော့ အစောပြီးပါတယ်။ ပိုက်တွေ ကုတ်ပြီးဖော်ဖို့အတွက် ဘက်ဟိုးကို သယ်ရရွှေ့ရနဲ့မို့ နောက်ကျသွားတာပါ” ဟု မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေသူ SAE ဦးထက်နိုင်အောင်က ပြောသည်။ 

အဆိုပါ ရေပိုက်သည် တစ်လုံးလျှင် အဝကျယ်  (၁၀) လက်မနှင့် အရှည် ပေ(၂၀)ရှိကြောင်းသိရပြီး၊ လွန်ခဲ့သည့် စက်တင်ဘာ ၂ ရက် နံနက်၂နာရီခန့်က ပုပ္ပားဒေသ တစ်ဝိုက် မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် ဆည်ပေါက်ချောင်းရေ ပြင်းထန်စွာကျဆင်းမှုကြောင့် ချောင်းအောက်တွင် မြှုပ်နှံသွယ်တန်းထားသော ပိုက် လိုင်းများ ဂျွိုင်းဆက်များ ပြုတ်ပြီး  ပိုက်(၄)လုံးပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြတ် တောက်သွားသည့် ရေပိုက်များမှာ မှန်ကင်းတောင်တောရကျောင်းအဆင်းလမ်းမှချောင်းအတွင်းဖြတ်သန်း သွယ်တန်းထားသည့် ပိုက်များဖြစ်ပြီး၊ သဲထဲမှ ရှာဖွေဖော်ထုတ်၍ ဘက်ဟိုးဖြင့် သဲပြင်ပေါ်မတင်ကာ ဂျွိုင်းဆက်များ ဂဟေပြန် ဆော်ခြင်းနှင့် သဲမြေအောက် အနက် ၄ပေခန့်တွင် ပြန်လည် မြှုပ်နှံခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်နေသူ အင်ဂျင်နီယာတစ်ဦးက ပြောပြသည်။ 

ပုပ္ပားတောင်မကြီးမှ  ငဝစမ်းရေထွက်၊ ကြို့ချောင်းရေထွက်၊ ရေငန်းရေထွက်နှင့် ရေတင်ရေထွက်ဟူ၍ ရေထွက်ကြီး (၄)ခုရှိသည့်အနက်၊ အဆိုပါ ငဝစမ်းရေထွက်နှင့်ကြို့ချောင်းရေထွက်များမှာ ရေထွက်အားအများဆုံးဖြစ်ကြောင်း သိရပြီး ၎င်းရေထွက်များမှ မိုးရာသီကာလတွင် တစ်နာရီလျှင် ရေဂါလံ(၁၅၀၀၀)ကျော်ထွက်ရှိကြောင်း သိရသည်။ ၎င်းရေထွက်များမှ ရေများကို ဆည်ပေါက်ကျေးရွာ ရေစုကန်သို့ ပို့ဆောင်၍ ဆည်ပေါက်ရေစုကန်မှတစ်ဆင့် ကျောက်ပန်းတောင်းမြို့သို့ ပို့ဆောင်ခြင်းဖြစ်ရာ၊ ပိုက်ဆက်ပြုပြင်မှုလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျောက်ပန်းတောင်းမြို့နှင့်အနီးဝန်းကျင်ကျေးရွာများသို့ သောက်သုံးရေ လုံလောက်စွာဖြင့် ပုံမှန်အတိုင်းပြန်လည်ဖြန့်ဝေသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
                                                                                                                                နေအောင်(ပြန်/ဆက်)