ရန်ကုန် ၄ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံမှ ဆည်ရေသောက်စနစ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့ (WUG) မှ အဖွဲ့ဝင်တောင်သူများသည် ယခုနှစ် နွေစပါးရာသီအတွင်း ဆည်ရေကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ရေအလေအလွင့် နည်းပါးစေရန်နှင့် အချိန်တိုအတွင်း ရေလိုအပ်သော နေရာများသို့ ဆည်ရေရောက်ရှိနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

မိုးစပါးမစိုက်ပျိုးမီ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားကွင်းကျေးရွာအုပ်စုမှ ရေအသုံးချသူများအဖွဲ့ (WUG) မှ အဖွဲ့ဝင်တောင်သူများ ပူးပေါင်း၍ ကညင်ရေလှောင်တမံ၏ လက်တံမြောင်းခွဲ အမှတ်(၄) ရေပေးမြောင်းတစ်လျှောက် သဲနုန်းဆယ်ခြင်း၊ မြက်ခြုံရှင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးခိုင်က ပြောသည်။

 

ကညင်ဆည်ရေသောက် ဧရိယာအတွင်းရှိ ဆည်ရေအသုံးပြု တောင်သူများ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (PIM) တွင် ပိုမိုပါဝင်ဆောင်ရွက်လာနိုင်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် လိုအပ်သည့်ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့များ တိုးချဲ့ဖွဲ့စည်းလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

ရေအသုံးချသူများအဖွဲ့ (WUG) ၏ ရေလိုအပ်မှုပမာဏနှင့် ရေရယူမည့်အချိန်တို့ကို ဌာနမှ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဆည်ရေလေလွင့်ဆုံးရှုံးမှု နည်းပါးပြီး အကျိုးရှိစွာ စနစ်တကျ အသုံးပြုနိုင်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် ဆည်ရေစီမံခန့်ခွဲမှုစနစ်တွင် ပူးပေါင်းပါဝင်ခြင်းကြောင့် သင့်လျော်သော သီးနှံအမျိုးအစား ရွေးချယ်မှု သီးနှံပုံစံနှင့် စိုက်ပျိုးရေ တစ်သမတ်တည်းဖြစ်မှု ရေစီမံခန့်ခွဲမှု ကောင်းမွန်မှုများကြောင့် အထွက်နှုန်းနှင့် ထုတ်ကုန်များ၏ အရည်အသွေး တိုးတက်လာနိုင်မည့် အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးခိုင်က ပြောသည်။

 

အဆိုပါ ကညင်ရေလှောင်တမံသည် ရေသိုလှောင်ပမာဏ ဧကပေ (၁၄၅၀ဝ၀) သိုလှောင်နိုင်ပြီး နွေစပါးစိုက်ဧက (၁၈၄၆၂) ထိ အပြည့်အဝ ရေပေးဝေနိုင်ကြောင်း ဆည်ရေဖြင့် ယခုနှစ် နွေစပါးစိုက်ရာသီတွင် ဧက (၈၄၁၀) ဧကကို ရေပေးဝေနိုင်ခဲ့ပြီး မိုးစပါးအတွက် (၁၈၄၆၂) ဧကကို ဖြည့်စွက်ရေနှင့် အောင်ရေပေးဝေခဲ့ကြောင်း သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စပါးစိုက်ပျိုးမှု တိုးတက်နိုင်စေရန်အတွက် အဓိကကျသော ဆည်ရေသောက်စနစ်များ ပီပြင်လာစေရန် တူးမြောင်းများ ပုံစံတကျပြုပြင်ခြင်း၊ ရေပေးအဆောက်အအုံများ အသင့်အနေအထားဖြစ်စေရန် ထိန်းသိမ်းပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်းစေရန် နုန်းဆယ်ခြင်း၊ တူးမြောင်းတာဘောင်များ ထပ်ဆင့်မြှင့်တင်ခြင်း၊ ပေါင်းပင်ကိုင်းပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို လူအင်အား စက်အင်အားဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်း- မင်းသစ်(MNA)၊ ဓာတ်ပုံ- မျိုးခိုင်

 

mdn