ရေဦး ၁၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဖန်းဆိပ်ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း၍ လယ်ကြားရေပေးမြောင်းများ ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် ရေဦးမြို့နယ် ငြုတ္တုံကျေးရွာအုပ်စု လယ်မြေဧရိယာ ၁၆၆ ဧကအတွက် ဆည်ရေကိုရယူ စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း လက်ထောက်ညွန် ကြားရေးမှူး ဦးအောင်နိုင် က ပြောကြားသည်။
သဖန်းဆိပ် ရေသောက်စနစ်အတွင်း ပါဝင်သော ရေဦးမြို့နယ်အတွင်းရှိ ကာဘိုးဆည်၊ ရေဦး မြောင်းမတော် လက်တန်း(၄)မိုင်နား(၁)၏ ရေပြွန်အမှတ်(၆)မှ ထွက်သော လယ်ကြား ရေပေးမြောင်းကို ရေအသုံးချသူများ အဖွဲ့မှ မြောင်းတစ်လျှောက်ရှိ ချုံများ၊ မြက်ပင်များ ရှင်းလင်းခြင်း၊ သဲနုန်းများ တူးဖော်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများဆည်ရေကို ညီညွတ်မျှတစွာ ခွဲဝေသုံးနိုင်ရန်နှင့် ဆည်ရေ လေလွင့်မှုမရှိဘဲ စနစ်တကျ သုံးစွဲနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ဆက်လက် ပြောကြားသည်။
မွှေးကြူဇင်(မုံရွာကိုယ်ပွား)


