နေပြည်တော်  မတ်  ၁၃

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေသေချာသည့် ဒေသများကိုရွေးချယ်၍ ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်ဧရိယာအလိုက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေး ၊ ပန်းတိုင်အထွက်ရရှိရေး နှင့် ဆီထွက်သီးနှံ အထူးဇုန်အလိုက်  အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ဆီထွက်သီးနှံများ စိုက်ပျိုးရန် ဇုန်ဧရိယာများ လျာထားရာတွင် မြေအမျိုးအစားနှင့် သီးနှံအမျိုးအစား ရွေးချယ်သတ်မှတ်ခြင်း ၊ ဆည်၊ ကန်၊ တမံအတွင်း သိုလှောင်ထိန်းသိမ်း ထားသော ရေပမာဏနှင့် ရေသောက်စနစ်ရှိ မြောင်းလက်တံအလိုက် ရေပေးဝေနိုင်သော ဧရိယာများ၊ မြစ်ရေတင်များ၊ စက်ရေတွင်းများ စသည့် ရေရရှိနိုင်မှုအပေါ် မူတည်၍ စိုက်ပျိုးမည့်သီးနှံ ၊ ရေပေးဝေချိန် နှင့် ပေးဝေမည့် ရေပမာဏ သတ်မှတ်ခြင်း ကို  သက်ဆိုင်ရာဌာနများ အားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ၊ မြေပဲ နှမ်း နေကြာ ဆီထွက်သီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ဒေသအလိုက် လိုအပ်သည့် မျိုး၊မြေ၊ရေ၊ နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးရန်၊ ရေပေးဝေရာတွင် အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြေပြင်ကွင်းဆင်း လေ့လာဆောင်ရွက်ရန်၊ ဇုန်အလိုက် ရေပေးဝေမှုအပေါ် သီးနှံအထွက်နှုန်းကွာခြားချက်ကို လေ့လာ မှတ်တမ်းတင်ပြီး နောက်ရာသီစိုက်ပျိုးချိန်တွင် ပြန်လည်အသုံးချနိုင်မည့် အချက်အ လက်များ စုဆောင်းထားရှိရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများက ဆီထွက်သီးနှံ အထူးဇုန်များ အကော်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် မန္တလေးတိုင်းဒေသကြီး၏ လယ်ယာ အသား ငါး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြပြီး၊ ဆီထွက်သီးနှံ ဇုန်တာဝန်ခံများက ဇုန်အလိုက် မြေပဲ နှမ်း နေကြာ မျိုးစေ့လိုအပ်ချက်ကြိုတင် ဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီးက  သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်