၂၀ ဇူလိုင်

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်ဟာ သူ့ရဲ့ဆံပင်ရှည်ကြီးကို ခေါင်းပေါ်မှာ စုစည်းထားတဲ့ ပုံစံမျိုး နဲ့သာ ပြင်ဆင်လေ့ရှိသူဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ ဆံပင်ပုံစံကို ပြောင်းလဲကာ ဆံပင်တွေကို ကျောပေါ်မှာ ဖြန့်ချထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဆံပင်ကိုလည်း လာဗင် ဒါရောင် ဆိုးထားတာကို တွေ့ခဲ့ရကြောင်း အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါ တယ်။

 

ဆံပင်ရှည်ကြီးတွေကို စုစည်းထားလေ့ရှိတဲ့ အရီရန်နာဂရန်းဒ်ဟာ ပြီးခဲ့တဲ့စနေနေ့က နယူးယော့ခ်မှာ အလည်အပတ်ထွက်ခဲ့ရာမှာတော့ လာဗင်ဒါရောင်ဆိုးထားတဲ့ ဆံပင်တွေကို အပေါ်ယံအနည်းငယ်ကိုယူကာ စည်းထားခဲ့ပြီး ကျန်ဆံပင်တွေကိုတော့ကျောပေါ်မှာသာ ဖြန့်ထားခဲ့တာဖြစ်ပါတယ်။ ဆိုက်လွန်ရှပ်အင်္ကျီကို ဝတ်ဆင် ထားပြီး ဖိနပ်ရှည်တွေကိုလည်းတွဲဖက်ဆင်မြန်းထားတာ တွေ့ရပါတယ်။

 

အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်ဟာ ဆံပင်အရောင် ပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာလည်း ဖော်ပြကာပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ဆံပင်အရောင်ပြောင်းလဲပြီးနောက်ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြခဲ့ပြီးဓာတ်ပုံရဲ့အောက်မှာတော့လာဗင်ဒါလို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

 

အရီရန်နာဂရန်းဒ်ဟာ သရုပ်ဆောင်တစ်ဦးဖြစ်သူပီးထ်ဒေးဗစ်ဆန်နဲ့ ချစ်သူတွေဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားပြီး မကြာမီမှာပင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။ ချစ်သူဟောင်း တေးသံရှင်မစ်ခ်မေလာနဲ့လမ်း ခွဲပြီးပီးထ်ဒေးဗစ်ဆန်နဲ့ လက်တွဲခဲ့တဲ့ အရီရန်နာဂရန်းဒ်က သူ့ရဲ့အမှတ်အသားတစ်ခုလို့ ဆိုနိုင်တဲ့သူအမြဲ ပြင်ဆင်လေ့ရှိတဲ့ ဆံပင်ပုံစံဟာလည်း မစ်ခ်မေလာနဲ့ လမ်းခွဲပြီးနောက် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ အချစ်သစ်နဲ့ ဘဝသစ်မှာ အရီရန်နာဂရန်းဒ်က ဆံပင်ပုံစံသစ်ကိုပါ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အရီရန်နာဂရန်းဒ်ဟာ ချစ်သူပီးထ်ဒေးဗစ်ဆန်ရဲ့ ရုပ်ရှင်ရိုက်ကွင်းကို သွား ရောက်လည်ပတ်ခဲ့ပါတယ်။ ဒေးဗစ်ဆန်ဟာလတ်တလောမှာ ''Big Time Adolescence'' ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး အရီရန်နာဂရန်းဒ်ကတော့ မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ''God Is A Woman'' တေးဗီဒီယိုနဲ့ပတ်သက်ပြီး အလုပ်တွေများနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်