Probiotic ဆိုတာ ဘာလဲ သိကြရဲ့လား

 

Probiotic ဆိုတာ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ် ကျန်းမာအောင် အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အစားအစာတွေမှာ ပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင် လုပ်ဆောင်ပေးတယ်၊ ဝမ်းမှန်စေ တယ်၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို သက်သာစေတယ်။

 

အခုပြောပြမယ့် ဒိန်ချဉ်က အစာခြေစနစ်အတွက် ကောင်းတယ်၊ အာဟာရဓါတ်တွေ ပါလို့ အသားအရေ အတွက် ပါ ကောင်းတယ်၊ အခုဆံပင်အတွက် ဆိုလည်း အားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ –

 

          ဦးရေပြားမှာ မှိုပိုး သန့်စင်စေတဲ့ အာနိသင်ကြောင့် ဗောက်ပျောက်စေတယ်

 

          ဆံသားကို အစိုဓါတ် ကြာကြာထိန်းပေးနိုင်တယ်

 

          ဦးရေပြား ကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကို သက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)

 

          အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ်

 

          အေးမြစေတဲ့ အာနိသင်ရှိလို့ ဦးရေပြားမှာ ပြဿနာ ရှိနေရင်တောင် သက်သာစေတယ်

 

ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဒိန်ချဉ်နဲ့ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –

 

ကြက်ဥ

 

          ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။

 

          ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။

 

          ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)

 

          ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။

 

          ဒီနည်းကို တစ်ပတ် နှစ်ကြိမ် လုပ်လို့ရပါတယ်။

 

ငှက်ပျောသီး

 

          ပန်းကန်လုံး ထဲကို ငှက်ပျောသီးမှည့် တခြမ်းကို ထည့်ချေပါ။

 

          ချေတာ ညက်သွားပြီ ဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည် သုံးဇွန်း၊ သံပရာရည် တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။

 

          ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။

 

          ပြီးမှ ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။

 

သံလွင်ဆီ

 

          ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။

 

          မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။

 

          ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။

 

          ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။

 

          ကြက်သီးနွေး ရေလေးနဲ့ ဆေးကြောပါ။

 

          နောက်ဆုံးမှ ခုနက သံပရာရည်အရောကို လောင်းချပါ။

 

          ဒါလည်း တစ်ပတ် နှစ်ကြိမ် လုပ်လို့ရတယ်။

 

ပျားရည်

 

          ဒိန်ချဉ် ဇွန်းတဝက်၊ ပျားရည် တစ်ဇွန်း၊ ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရောပြီး အနှစ်ဖြစ်အောင် မွှေပါ။

 

          ဆံပင်အရင်းကနေ ထိပ်ဖျားလေးတွေ အထိ စိမ့်ဝင်အောင် လိမ်းပါ။

 

          မိနစ် ၃၀လောက်နေရင် ရှန်ပူအပျော့စားနဲ့ လျှော်ပါ။

 

ရှားစောင်းလက်ပပ်

 

          ရှားစောင်းလက်ပပ်အနှစ် သုံးဇွန်း၊ဒိန်ချဉ်နှစ်ဇွန်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်အောင်မွှေပါ။

 

          ဦးရေပြားမှာ ၁၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။

 

          လိမ်းပြီးရင် ဆံပင်အရင်းကနေအဖျားထိ အကုန်နှံ့အောင်ဆက်လိမ်းပြီး ၁၅ မိနစ်ထပ်ထားပါ။

 

          ခေါင်းလျှော်ပါ။

 

ထောပတ်သီး

 

          ဒိန်ချဉ်ပန်းကန်လုံးတစ်လုံး၊ထောပတ်သီးတစ်ခြမ်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုရောမွှေပါ။

 

          ဆံသားနဲ့ဦးရေပြားကို စိမ့်ဝင်အောင်လိမ်းပါ။

 

          မိနစ် ၂၀ ထားပြီးခေါင်းလျှော်ချပါ။

 

          ဆံသားခြောက်သွေ့တတ်တယ်ဆိုရင် ဒီနည်းကို တစ်ပတ်တစ်ကြိမ်သုံးလို့ရပါတယ်။

 

သဘာဝပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်တာက အကုန်အကျ သက်သာ၊ အချိန်ကုန်သက်သာတဲ့ အပြင် ဆိုင်မသွားနိုင်၊ treatment မလုပ်နိုင်ခင် စပ်ကြားမှာလည်း အဆင်ပြေစေမယ့်နည်းပါ။ ဒါပေမယ့် ပျက်စီးနေတဲ့ ဆံပင်က ချက်ချင်းကြီးတော့ ဝုန်းဆို ပိတုန်းရောင်ဆံကေသာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ စိတ်တော့ ရှည်ရပါမယ်နော်။

 

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”