ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက် ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နားကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေအကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။

 

Hair Rebonding ဆိုတာ

 

ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်းပျက်လာမယ်၊ ဖြီးမရဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင်ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင်ပါတယ်။

 

ဒီလိုအချိန်မှာ ဆံသားပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရ လွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

 

ဘာတွေကောင်းလာမလဲ

 

Hair Rebonding လုပ်ထားတဲ့ဆံပင်ဟာ –

 

•           ပိုချောမွေ့၊ တောက်ပလာမှာတော့ မှန်ပါတယ်။

 

•           ဆံပင်တွေရှုပ်ထွေးမှာ၊ ဖြီးရခက်မှာ မပူရတော့ဘူး။

 

•           ဖြောင့်စင်းနေတဲ့ ဆံသားက တာရှည်ခံပါတယ်။

 

•           အကောက်တွေ၊ အဖြောင့်တွေတုန်းကနဲ့မတူဘဲ သဘာဝအတိုင်းလေး လှပစေတယ်။

 

ဒါပေမယ့် rebonding လုပ်တဲ့အချိန်မှာ ဓာတုပစ္စည်းတွေ အဓိကပါတာပါပဲ။ ဓာတုပစ္စည်းတွေနဲ့ ဆံသားကို ထိတွေ့စေမှတော့ ဆံသားကျန်းမာလာဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူးနော်။ အရင်ဆံပင် ပြုပြင်မှုတွေကြောင့် ဖြစ်လာတဲ့ ဆံသားပျက်စီးမှုတွေကို ငြိမ်ဝပ်ပြီး ဖြောင့်စင်းသွားစေတာတော့ ရှိနိုင်ပါတယ်။ ကြည့်လို့ကောင်းလာမယ်၊ သပ်ရပ်လာမယ်၊ ပြန်ကျန်းမာသွားသလိုဖြစ်လာနိုင်တယ်။

 

ဘာတွေ ပြဿနာ ရှိလို့လဲ

 

ဒီနည်းနဲ့လုပ်ပြီးတဲ့အခါ ဆံသားဟာ ပိုအားနည်းပြီး ထိခိုက်လွယ်လာတဲ့အတွက် ပိုပြီးတောင် ဂရုစိုက်ရပါမယ်နော်။ သူက ဓာတုပစ္စည်းတွေသုံးပြီး ဆံသားရဲ့သွင်ပြင်ပုံစံတွေကို ပြောင်းလဲ စေတာဖြစ်ပါတယ်။ တစ်ခါတလေလုပ်တာ ရပေမယ့် နောက်ပိုင်းပုံမှန်လုပ်မယ်ဆိုရင်တော့ ဆံသား ပိုပျက်စီးနိုင်ပါတယ်။ သုံးခဲ့ရတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံပင်ပိုကျွတ်စေနိုင်ပါတယ်။

 

သတိထားသင့်တဲ့ အချက်တချို့

 

Rebonding လုပ်ထားပြီးရင် ဆံပင်ပိုမထိခိုက်အောင်လို့ ဒါလေးတွေ သတိထားနော် –

 

•           ၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။

 

•           တစ်ပတ်အတွင်း ဆံပင်ကို မချည်၊ မထုံးပါနဲ့။

 

•           ဆံသားအသုံးအဆောင်ပစ္စည်းတွေကို အပျော့စားပဲသုံးပါ။

 

•           ခေါင်းလျှော်ပြီးရင် ဆံပင်ပျော့ဆေးသုံးပါ။

 

•           ဆံသားကို အစိုဓာတ်ထိန်းဖို့ အဆီတစ်ခုခုလိမ်းပါ။

 

•           ညီညွတ်မျှတတဲ့ အစာအာဟာရကို စားပါ၊ အစေ့အဆန်တွေ စားပါ။

 

•           သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ကြိမ် ပေါင်းတင်အားဖြည့်ပါ။

 

•           ဆံပင်ဆေးဆိုးတာ၊ ဖြောင့်၊ ကောက်တာတွေ ထပ်မလုပ်ပါနဲ့။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”