ဆန်းသစ်မှုနှင့် ပို့ဆောင်ရေးကဏ္ဍသစ် စတင်

နေပြည်တော် ၇ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်သည့် အခွင့်အလမ်းကောင်း များစွာရှိသည်။ အခွင့်အလမ်းကောင်း များစွာရှိသော မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှစိတ်ဝင်စားမှုရှိသည်။ မြန်မာနိုင်ငံတွင် လုပ်သာကိုင်သာရှိသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြဋ္ဌာန်းထားရာ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ၊ အကျိုးတူပူးပေါင်း လုပ်ကိုင်မှုအသစ်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ နိုဝင်ဘာလ ၄ ရက်နေ့က လျှပ်စစ်ကားများထုတ်လုပ်ရန်နှင့် ဓာတ်အားပြန်လည် အားဖြည့်သည့်ရုံများ ပူးပေါင်းတည်ဆောက်ရန် အတွက် ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ သုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာန၌ စက်မှုဝန်ကြီးဌာနနှင့် မြန်မာကုမ္ပဏီတို့သည် ဟန်ဂေရီနိုင်ငံ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆွေးနွေးသဘောတူညီမှု စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

 

 

ဤအစီအစဉ်သည် မြန်မာနိုင်ငံအတွက် ထူးခြားဆန်းသစ်သော စက်မှုနည်းပညာ နယ်ပယ်သစ်ကို စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သလို ပို့ဆောင်ရေးကဏ္ဍသစ်ကို စတင်စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် မျက်မှောက်ကာလတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှု၊ လေထုညစ်ညမ်းမှုနှင့် နိုင်ငံခြားငွေလိုအပ်မှုတို့ကို လျော့ပါးသက်သာအောင် တစ်ထောင့်တစ်နေရာမှ ကွက်လပ်ဖြည့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ မျက်မှောက်ကာလတွင် မော်တော်ယာဉ်သုံးစွဲမှု မြင့်မားလာသောကြောင့် လောင်စာစွမ်းအင်ပြဿနာများနှင့် ကြုံတွေ့လာရသည်။ ကမ္ဘာ ကြီးမှထုတ်ယူနေသော ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှုကို နိုင်ငံအများက အားပေးမြှင့်တင်လာကြသည်ကို တွေ့ရသည်။ ကမ္ဘာတစ်ဝန်းတွင် ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာသုံး လျှပ်စစ်ယာဉ်များ အသုံးပြုလာကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

 

မြန်မာနိုင်ငံအနေဖြင့်လည်း လောင်စာဆီအသုံးပြုမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဟန်ဂေရီနိုင်ငံ၏ နည်းပညာဖြင့် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်ရန်နှင့် ဓာတ်အားပြန်လည် အားဖြည့်သည့်ရုံများ တည်ဆောက်မှုကို ကြိုဆိုရမည်ဖြစ်သလို လုပ်ငန်းအောင်မြင် အောင်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

 

မန်မာနိုင်ငံသည် အာရှနိုင်ငံများတွင် အချက်အချာကျသောနိုင်ငံဖြစ်၍ ရည်ရွယ်ချက်ကြီးမားစွာဖြင့် မြန်မာနိုင်ငံတွင် အဆိုပါယာဉ်များ လာရောက်တည်ဆောက်ခြင်းသည် ထူးခြားသော အခွင့်အလမ်းကောင်းများကို ရရှိလိုက်ခြင်းဖြစ်သည်။ အဆိုပါယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို အလွယ်တကူ ထုတ်လုပ်ပေးနိုင်ပြီး ပြည်ပသို့လည်း တင်ပို့မည်ဖြစ်သည်။ ထုတ်လုပ်မှုနည်းပညာများအပြင် ပြုပြင်ထိန်းသိမ်းရေး နည်းပညာသစ်များလည်း ရရှိနိုင်သည်။ ပြည်ပသို့ တင်ပို့နိုင်သဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိနိုင်သည်။ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရရှိပြီး ရေရှည်အကျိုး ဖြစ်ထွန်းနိုင်သော စီမံကိန်းဖြစ်သောကြောင့် စီမံကိန်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုလက်ရှိ သဘောတူညီမှုအရ မြန်မာနိုင်ငံမှ အိန္ဒိယ၊ သီရိလင်္ကာနှင့် စင်ကာပူနိုင်ငံများ သို့ လျှပ်စစ်ကားအစီး ၇၀ဝဝ တင်ပို့ရန်နှင့် မြန်မာနိုင်ငံ အဝေးပြေးယာဉ်လိုင်းများအတွက် အစီး ၃၀ဝ ထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ ပြည်တွင်းတွင် ထုတ်လုပ်သဖြင့် ပြည်ပဈေးနှုန်းထက် သက်သာနိုင်ပြီး သုံးနှစ်မှ ငါးနှစ်အတွင်း အရင်းကျေနိုင်သည်ဟု သိရသည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် စက်သုံးဆီမော်တော်ယာဉ်များ တစ်နေ့တခြား တိုးတက်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လောင်စာဆီပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ လွယ်ကူပေါ့ပါးပြီး အသုံးခံသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုသည့် လျှပ်စစ်ကားများ မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်လုပ်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း။

 

ကြေးမုံ