စတော့ဟုမ်း အောက်တိုဘာ ၁၃
ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးတိုးတက်အောင်မြင်မှုကို ရှင်းပြနိုင်ခဲ့သည့်အတွက် ဂျိုဝယ်မော့ခါ၊ ဖီးလစ်အက်ဟီယွန်နှင့် ပီတာဟိုး ဝစ်တို့ကို ၂၀၂၅ ခုနှစ် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခဲ့သည်ဟု တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက ဖော်ပြခဲ့သည်။
မော့ခါသည် နောသ်ဝက် စတန်းတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သည်။ အက်ဟီယွန်သည် ပြင်သစ်ကောလိပ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။ ဟိုးဝစ်သည် ဘရောင်းတက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သည်။
မော့ခါသည် စဉ်ဆက်မပြတ်တိုးတက်မှု၏ အကြောင်းရင်းများကို ဖော်ထုတ်ရန် နည်းလမ်းတစ်ခုအဖြစ် သမိုင်းအရင်းအမြစ်များကို အသုံးပြုခဲ့ခြင်းက မတူကွဲပြားသည့် ပုံစံသစ်တစ်မျိုးဖြစ်လာခဲ့သည်ဟု အကယ်ဒမီက ပြောသည်။
ထိုကဲ့သို့သော ပြောင်းလဲတိုးတက်မှုအတွက် လိုအပ်သော အချက်တစ်ချက်မှာ လူ့အဖွဲ့အစည်း တစ်ခုလုံးသည် ပြောင်းလဲရန် ပွင့်လင်းမြင်သာရှိရမည်ဖြစ်သည်။
အက်ဟီယွန်နှင့် ဟိုးဝစ်တို့သည် တီထွင်ဖန်တီးမှုဆိုင်ရာ အပျက်အစီး(creative destruction) ဟုခေါ်သည့် သင်္ချာဆိုင်ရာ စံနမူနာတစ်ခုကို တီထွင်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ပိုမိုကောင်းမွန်သည့် အသစ်အသစ်သော ထုတ်ကုန်များ ဈေးကွက်သို့ ဝင်ရောက်လာသည့်အချိန်တွင် အဟောင်း ထုတ်ကုန်များကို ရောင်းချသည့် ကုမ္ပဏီများက ဆုံးရှုံးသွားကြသည်။
ဤလုပ်ငန်းစဉ်သည် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုဆီသို့ဦးတည်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ကို ၎င်းတို့နှစ်ဦး သဘောပေါက်ခဲ့သည်။
အဘယ်ကြောင့် ဤဖွံ့ဖြိုးတိုးတက်မှုဖြစ်နိုင်သနည်းနှင့် ဆက်လက်တိုးတက်မှုအတွက် မည်သည့်အရာကို လိုအပ်မည်နည်းဆိုသည့်အချက်များကို နည်းလမ်းပေါင်းစုံသုံးပြီး ပညာရှင်များက ရှင်းလင်းပြသခဲ့သည်ဟု အကယ်ဒမီက ပြောသည်။
အင်န်အိတ်ချ်ကေ


