ဆံတော်ရှင် ဇွဲကပင်တောင် တည်ရှိရာ တောင်ကြောတွင် တောမီးလောင်မှုဖြစ်ပွား

ဘားအံ ၂၆ ဧပြီ

 

ကရင်ပြည်နယ် ဘားအံမြို့နယ် တော်ပုံကျေးရွာအုပ်စုရှိ ဆံတော်ရှင်ဇွဲကပင်တောင်တည်ရှိရာ တောင်ကြောတွင် ဧပြီ ၂၅ ရက် ညနေပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ငြှိမ်းသတ်ရန်ခက်ခဲသော်လည်း သာသနိကအဆောက်အဦများ ကူးစက်လောင်ကျွမ်းမှုမရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၅ ရက်နေ့ ညနေ ၃ နာရီ အချိန်ကစတင်ပြီး ဆံတော်ရှင်ဇွဲကပင်တည်ရှိရာ ဇွဲကပင်တောင်ကြော ခါးလယ်မှစတင်ပြီး တောမီးလောင်ကျွမ်းလျက်ရှိရာ မီးငြှိမ်းသတ်ရန် ခက်ခဲသဖြင့် မီးငြှိမ်းသတ်ရန် ရောက်ရှိနေသူများမှာ စောင့်ကြည့်နေရခဲ့ရကြောင်း သိရသည်။

 

“ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသူ/သားတွေ တော်တော်များများ တောမီလောင်ကျွမ်းတဲ့နေရာကို ဝိုင်းဝန်းငြှိမ်းသတ်ဖို့ရောက်ရှိနေပေမယ့် တောမီးက တောင်ကြောရဲ့ ခါးလယ်လောက်က စတင်လောင်ကျွမ်းတာဖြစ်တဲ့အတွက် မီးငြှိမ်းသတ်ဖို့က အခက်အခဲဖြစ်နေ လို့ အားလုံး စောင့်ကြည့်နေကြရတယ်” ဟု တောမီးလောင်သည့် နေရာသို့ ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ပြောပြခဲ့သည်။

 

အဆိုပါ တောမီးသည် နှစ်စဉ်နွေရာသီရောက်တိုင်း ပုံမှန်လောင်ကျွမ်းနေကြဖြစ်သော်လည်း ယခုနှစ်တွင် မီးတောက်များတဲ့အတွက် ဆံတော်ရှင် ဇွဲကပင်တည်ရှိရာ တောင်ကြောသို့ ကူးစက်လောင်ကျွမ်းပါက ဆံတော်ရှင်စေတီတည်ရှိရာနှင့် တောင်ခြေရှိ သာသနိကအဆောက်အဦများကို ကူးစက်နိုင်သည့်အတွက် တောမီးအလွယ်တကူ ကူးစက်နိုင်ခြင်းမရှိစေရေးအတွက် မီးတားလမ်းများ ပြုလုပ်ပြီး မီးငြှိမ်းသတ်ယာဉ်များဖြင့် အသင့်စောင့်ကြည့်လျက်ရှိကြောင်း သိရပြီး လက်ရှိအခြေအနေတွင် တောမီးမှာ တငွေ့ငွေ့ဖြင့် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)