ရန်ကုန်   ဇန်နဝါရီ    ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး မုခ်ဦးလေးဘက်ရှိ တန်ဆောင်းပြာသာဒ်လေးခုအား  ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းပြုပြင် မွမ်းမံဆောင်ရွက်နေမှုနှင့်   ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းဆောင်ရွက်ခြင်းကို  ဇန်နဝါရီ  ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးစိုးနိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊  နယ်မြေခံတပ်မှ တပ်မတော်သားများက စေတီတော်မြတ်ကြီး ရင်ပြင်တော် တစ်လျှောက် တံမြက်စည်းလှည်းခြင်း၊ ဆီးမီးပူဇော်သည့်ခုံများ၊ အမှိုက်ခြောက်၊ အမှိုက်ဆိုများအား  ရှင်းလင်းခြင်း၊  ဘုရားများအား ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခြင်းတို့ကို  စုပေါင်း ကုသိုလ်ယူ ဆောင်ရွက် ကြပြီး၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  မုခ်ဦးလေးဘက်ရှိ တန်ဆောင်းပြာသာဒ် လေးခုအား ဓနုတ်ကျောင်းတိုက် ဆရာတော်ကြီး ဦးဆောင်၍ အလှူရှင်နှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ထိန်းသိမ်းပြုပြင်မွမ်းမံ ဆောင်ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူးလာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဆောင်ရွက်နေမှုများအား  ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး  တာဝန်ရှိ သူများက လိုက်လံကြည့်ရှုခဲ့ကြသည်။

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားရှိပြီး ဘုရားဖူးလာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြော်ကြည်ညို လျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ 

သုတ