ရန်ကုန်  ဇန်နဝါရီ ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်းပြဿဒ် ၄ ခုအား  ရေရှည်တည်တံ့ခိုင်မြဲစေရေး ရှေးမူမပျက် ထိန်းသိမ်းပြုပြင် မွမ်းမံဆောင်ရွက်လျက်ရှိသည်။

 

စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  မုခ်ဦးလေးဘက်ရဲ့ ရင်ပြင်တော်မှာရှိတဲ့ တန်ဆောင်းပြဿဒ် ၄ ခုကို ဓနုတ် ကျောင်းတိုက်ဆရာတော်ကြီး ဦးဆောင်မှုနဲ့ ပြန်လည်ပြုပြင်နေတာပါ၊ တန်ဆောင်း ပြဿဒ်တစ်ခုကို  အလှူရှင် ဦးကြင်မောင် မိသားစုရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်ပြီးတော့   တန်ဆောင်းပြဿဒ် ၃ ခု ကို ဆရာတော်ကြီးက  ထိန်းသိမ်း ပြုပြင်မွမ်းမံဆောင်ရွက်တာဖြစ်ပါတယ်၊ တန်ဆောင်းရဲ့ မူလလက်ရာမပျက် ဆွေးမြည့်နေတဲ့ သစ်သားတွေနဲ့ အမိုးတွေကို အသစ်ပြန်လည်အစားထိုးပြုပြင်မွမ်းမံတာဖြစ်ပါတယ် ဟု ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။  

 

မွန်လူမျိုးတို့ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများစွာရှိသည့်အနက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာရှိ  ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသည် ဘုရားရှင်၏ ဆံ‌တော်ကို တည်ထား ကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ဓာတုစေတီတစ်ဆူဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော် (သာသနာသက္ကရာဇ် ၂၄၀ ပြည့်နှစ်) မှ စ၍  ဟံသာဝတီမင်း အဆက်ဆက် တည်ထားပြုပြင် ကိုးကွယ်ခဲ့သော ဉာဏ်တော် အမြင့် မှာ ၁၆ တောင် တည်ထားခဲ့ခြင်းဖြစ်သည်။

 

ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ထိန်းသိမ်းပြုပြင်မွမ်းမံဆောင်ရွက်ခဲ့သည့် စေတီတစ်ဆူဖြစ်ရာ ယနေ့ အချိန်တွင် ဉာဏ်တော် အမြင့် ၁၈၉ ပေ၊ လုံးပတ်တော် ၂၂၄ ပေကျော်၊ ဖိနပ်တော် ပေ ၄၉၀ ကျော်ရှိပြီး၊   စေတီတော်မြတ်ကြီး၏ ရှေးဟောင်း လက်ရာအမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဓနုတ်ကျောင်းတိုက်ဆရာတော်၊ စေတီတော်မြတ်ကြီး ဘက်စုံပြင်ဆင်မွမ်းမံရေးအဖွဲ့၊ စေတနာရှင် အလှူရှင်များနှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ထိန်းသိမ်းပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိသည်။

 

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးအား   နေ့စဉ် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ ဘုရားဖူးလာပြည်သူများ အေးအေးချမ်းချမ်း လာရောက် ဖူးမြော်ကြည်ညိုနိုင်ကြောင်း စေတီတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့မှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-သုတ