ရန်ကုန် ၂၆   ဇန်နဝါရီ 

 

ဆံတော်ရှင်ဆူးလေစေတီတော် (၁၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ငါးပါးသီခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များရွတ်ပွားသဇ္ဈာယ်ကြသည့် ပရိတ်တရားတော်များ နာယူကြသည်။

 

ယင်းနောက် ဆံတော်ရှင်ဆူးလေစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူရေး အဖွဲ့ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးသန်းဆွေက ဆွမ်းဆန်စိမ်းလောင်း လှူပွဲနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ဆံတော်ရှင် ဆူးလေ စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်သံဃာတော်အပါး(၁၈၀)နှင့် ပရိယတ္တိ စာသင်တိုက်များမှ စာချစာသင် သီလရှင်အပါး(၅၀)စုစုပေါင်းအပါး(၂၃၀)တို့အား ဌာနဆိုင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ကျောက်တံတား မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်များမှ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်းများလောင်း လှူပူဇော်ကြကြောင်း   သိရသည်။

 

(သတင်းစဉ်)