ဆပ်ပိုရိုမြို့တော်၌ မီးလောင်ကျွမ်းမှုကြောင့် လူ ၄၂ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း၊ ဆပ်ပိုရိုမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုတစ်ခုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၄၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ဆပ်ပိုရိုမြို့တော်စင်တာ၏ အရှေ့တောင်ဘက် ၃ ကီလိုမီတာခန့်အကွာရှိ တိုယိုဟီရာရပ်ကွက်၌ ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆက်တွဲမီးက စားသောက်ဆိုင်တစ်ဆိုင်၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုနှင့် စတိုးဆိုင်တစ်ခုကို ဝါးမြိုသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါမီးလောင်မှုကြောင့် စားသောက်ဆိုင်နှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအတွင်းရှိ လူများအပါအဝင် လူ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

၅ နာရီခွဲခန့်အကြာတွင် မီးလောင်ကြွမ်းမှုကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း နှစ်ထပ်အဆောက်အအုံတစ်လုံးမှာ ဆိုးဝါးစွာ ပျက်စီးသွားခဲ့ပြီး အနီးအနားရှိ အိမ်များ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အသက် ၃၀အရွယ် အလုပ်သမားတစ်ဦးမှာ မျက်နှာတွင် ပြင်းထန်သော မီးလောင်ဒဏ်ရာများရရှိခဲ့သော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဓာတ်ငွေ့များ၏ အနံများမှာ ပျံ့နှံ့လျက်ရှိပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၏ ရုံးခန်းများမှာလည်း ပြင်းထန်စွာ ပျက်စီးသွားကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို  ကိုးကား၍ ရဲတပ်ဖွဲ့က ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်