မန္တလေး ၃ အောက်တိုဘာ
အောင်မြေသာစံမြို့နယ်၊ ဆရာစံစျေးတွင် ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် စျေးသည် ၆ ဦး Negative အဖြေထွက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
စက်တင်ဘာ ၃၀ ရက်က ဆရာစံစျေးတွင် စျေးရောင်းချသည့် စျေးသည်တစ်ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
"ကိုဗစ်ပိုးတွေ့သူရဲ့မိသားစုဝင်တစ်ဦးက ဆရာစံဈေးမှာ ဈေးရောင်းချပါတယ်။ သူလည်းပိုးတွေ့ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁ ရက်က ဈေးသည်နဲ့ကပ်လျက် ဆိုင်ခန်းမှာဈေးရောင်း သူ ၆ ဦးကို ဇီးပင်ကြီးမှာ FQ ဝင်စေပါတယ်။ ပထမအကြိမ်စစ်ဆေးချက်မှာ Negative ထွက်ပါတယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြောသည်။
ဆရာစံစျေးတွင် စျေးရောင်းသူမှာ ကိုဗစ်တွေ့ရှိသဖြင့် ပတ်ဝန်းကျင် ဈေးတန်းက ဈေး ဆိုင် ၃၁ ဆိုင်ကိုယာယီပိတ်စေပြီး ဈေးသည်များကို နေအိမ်တွင် အသွားအလာ ကန့်သတ်ထားစေခဲ့ကြောင်း သိရသည်။
မန္တလေးမြို့အတွင်းရှိ စည်ပင်ပိုင် စျေးများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာဖို့ အသိပေးခြင်း၊မလိုက်နာပါက အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
မေသက်ထား