မကွေး ၂၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အုန်းတွဲကျေးရွာအုပ်စု ၊ ယင်းချောင်းတံတားထိပ်ရှိ ဆရာစံနှင့်သခင်ဘိုး လှကြီး ရုပ်တုကြီးများရှိရာ အထိမ်းအမှတ်နေရာအား သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်နှင့် ဆရာစံရုပ်ထု၏ လက်ချောင်း ထိပ်ဖျားနေရာတွင် သံချောင်းများပေါ်နေခြင်းအား ပြုပြင်ပေးရန်လိုအပ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
“ယင်း ချောင်းတံတားကနေဖြတ်သွားရင်း ဝင်ကြည့်ဖြစ်တော့ ရုပ်တုတွေရဲ့ ဆေးရောင်တွေ မှိန်နေတာ ၊ ဆရာစံရဲ့ လက်ချောင်းထိပ်တွေက သံချောင်းတွေပေါ်နေတာ တွေ့ရပါတယ်။ အထိမ်းအမှတ် ရုပ်ထုရဲ့ခြံဝင်းထဲမှာလည်း ချုံနွယ်တွေ အများကြီးဖြစ်နေတယ်။ ရုပ်တုရဲ့အောက်ခံ ခုံနေရာမှာလည်း ကော်ရက်ရှင်တွေနဲ့ စည်းမဲ့ကမ်းမဲ့စာတွေရေးထားတာ တွေ့ရပါတယ်။ ဒါလေးတွေကို ပြုပြင်ထိန်းသိမ်းပေးစေချင်ပါတယ် ” ဟု ခရီးသွားတစ်ဦးဖြစ်သူ ဦးဌေးလွင် က ပြောသည်။
“ ကျွန်မတို့က ခရီးသွားတွေဆိုတော့ သန့်ရှင်းရေးလုပ်ပေးခဲ့ချင်ပေမယ့် အချိန်ကမရဘူး။ ဒါပေမယ့် ဒီအထိမ်းအမှတ်နေရာကို ထိန်းသိမ်းတဲ့အဖွဲ့အစည်းတွေ ရှိရင်တော့ အလှူငွေလေး တတ်နိုင်သလောက် ထည့်ပေးချင်ပါတယ် ” ဟု ခရီး သွားတစ်ဦးဖြစ်သူ မသီတာ ဆိုသည်။
ဇေယျတု(မကွေး)


