မန္တလေး ၁၂ ဒီဇင်ဘာ
သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဒေါက်တာတိုးလှတို့ စုဆောင်းခဲ့သော ရှေးဟောင်းသမိုင်း ယဉ်ကျေးမှုအမွေအနှစ်များကို ပြသထားမည့် သမိုင်းဌာနပြတိုက်ကို မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသမိုင်းပြတိုက်သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များတွင် ပထမဆုံးသော ပညာရေးအထောက်အကူပြု ပြတိုက်ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
‘သမိုင်းပညာကို စိတ်ဝင်စားမှုနည်းပါးလာတဲ့အတွက် သမိုင်းပညာမပျောက်ကွယ်အောင် သမိုင်းအမွေအနှစ်တွေထိန်းသိမ်းနိုင်ဖို့၊ ကျောင်းသူ၊ ကျောင်းသားတွေကို လက်တွေ့အသုံးချနိုင်ဖို့ ဆောင်ရွက်တာပါ’ဟု မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာရီရီဝင်း ကပြောသည်။
သမိုင်းပြတိုက်တွင် အခန်းသုံးခန်းပါရှိမှာဖြစ်ပြီး ပထမအခန်းတွင် မြန်မာတို့၏ သမိုင်းဖြစ်ပေါ်တိုးလာတက်မှုနှင့် မြန်မာတို့မြေပုံရေးဆွဲပုံ၊ ဒုတိယအခန်းတွင် နန်းတွင်းဓလေ့နှင့် သစ်သားပန်းပုလက်ရာများ၊ တတိယအခန်းတွင် စာပေပညာပေါ်ထွန်းတိုးတက်လာပုံနှင့် ကျောက်စာမှင်ကူးပုံများ ပြသထားမည်ဖြစ်သည်။
ပုရပိုက်မြေပုံ၊ သစ်ထွင်ပန်းချီ၊ နံရံဆေးရေးပန်းချီ၊ အဝတ်ပန်းချီ၊ ကျောက်ထွင်းလက်ရာများ၊ ကျောက်လက်နက်များ၊ ကျောက်ဆင်းတုတော်များ၊ ပျူအရိုးအိုးနှင့် အိုးများ၊ ပျူဒင်္ဂါးများ၊ သစ်သားပန်းပုလက်ရာများ၊ နန်းတွင်းသုံးပစ္စည်းများ၊ သာသနိက အဆောက်အဦဆိုင်ရာ ပစ္စည်းများ၊ သာမန်ပြည်သူတို့အသုံးအဆောင်များ၊ ရှေးခတ်အဝတ်အထည်များ၊ ကျောက်စာများ၊ သင်ပုန်းပျဉ်စာ၊ စာတိုက်သေတ္တာ၊ ပေ၊ ပုရပိုက် စသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ၃၀၀ ကျော်ခန့်ကို ပြသထားမည် ဖြစ်သည်။
အိမို့မို့ခိုင်