ရန်ကုန် ၇ ဇွန် 


မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း (မြန်-စာ-ပြန့်)က ကြီးမှူးကျင်းပသည့် ဆရာကြီးမောင်ထင် (၁၁၁)နှစ်အကြို ဂုဏ်ပြုအထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေး ဦးစီး ဌာနရုံးခန်းမ၌ ကျင်းပသည်။


စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းဥက္ကဋ္ဌဒေါက်တာစန်းဝင်း (ရှေးဟောင်းသုတေသန)က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနား သဘာပတိမဟာဝိဇ္ဇာဦးစိန်လှိုင်(သူရဇော်)က အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ဒေါက်တာစန်းဝင်း (ရှေးဟောင်းသုတေသန)က မောင်ထင်၏ ဘဝနှင့် စာပေစာတမ်းကိုဖတ်ကြားပြီး ဦးအေးချို(မဟာဝိဇ္ဇာ)က မောင်ထင်၏ရေးဟန် (သို့မဟုတ်)မောင်ထင့်လေစာတမ်းကို ဖတ်ကြားသည်။


ယင်းနောက် စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆွေးနွေး မေးမြန်းပြီး သဘာပတိက သုံးသပ်ဆွေးနွေးကာ မြန်မာနိုင်ငံစာပေပြန့်ပွားရေး အသင်း အထွေထွေ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။


ဆရာကြီးမောင်ထင်ကို ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့တွင် အဘဦးတရောင်း- အမိဒေါ်စိန်ပွင့်တို့မှ ၁၉၀၉ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် မွေးဖွား ခဲ့ပြီး ဆရာကြီးမောင်ထင် သက်ရှိထင်ရှားရှိနေမည်ဆိုပါက ၂၀၁၉ခုနှစ် မတ်လ (၂၁) ရက်တွင် အသက် ၁၁၀ ပြည့်မည်ဖြစ်သည်။


ဆရာကြီးမောင်ထင်သည် ၁၉၃၃ခုနှစ်တွင် မြန်မာစာပေရွှေတံဆိပ်ဆုရရှိပြီး တက္ကသိုလ်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်းများတွင် အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ဆောင်းပါးများစတင်ရေးသားခဲ့ပြီး ၁၉၃၄ခုနှစ်တွင် ကိုဒေါင်းဝတ္ထုတို များကိုစတင်ရေးသားခဲ့သည်။


မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၏ ရည်ရွယ်ချက်ပါ လုပ်ငန်းစဉ်များနှင့် အညီ(မြန်-စာ-ပြန့်)စာစဉ် (၃၃)အဖြစ် ယနေ့ဖတ်ကြားသည့် စာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားသောစာတမ်းများကိုအခြေပြု၍ အထိမ်းအမှတ် ဆောင်းပါးများ ပေါင်းစုကာစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်းယနေ့စာတမ်းဖတ်ပွဲမှ သိရသည်။


(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)