အောင်လေး (ခရမ်း)
ဆရာကန်တော့ပွဲနေ့မြင်ကွင်း
၃ဝ-၁၂-၂ဝ၁၈ ရက်နေ့ နံနက်တွင် ခရမ်းမြို့ သွန်းဘုရားကြီးရှေ့၌ ဦးဖိုးထောင် ဦးဆောင်သည့် တက္ကစီကား ၁ဝ စီးက မြို့တွင်းမှ အပူဇော်ခံဆရာကြီး ဆရာမကြီးများကို ကြိုဆိုရန် အသင့်စောင့်နေကြသည်။
ဆရာ ဆရာမ ကြိုဆိုဖိတ်ကြားရေးဆပ်ကော်မတီ ခေါင်းဆောင် ဦးအောင်လွင်နှင့် ကိုဇော်အောင် (သီးသန့်)တို့က ကားဆရာများကို ရပ်ကွက်အလိုက်၊ လမ်းအလိုက်ကြိုရမည့် ဆရာ ဆရာမအရေအတွက်နှင့် အချိန်ကို အသေး စိတ် ပြောကြားနေသည်။
အဝေးသို့ အလုပ်သွားလုပ်သော်လည်း ပူဇော်ပွဲသို့ အရောက်လာပြီး ကြိုဆိုရေးဝိုင်းကူသူက ဦးထွန်းထွန်းဦး(ခ)ဦးထွန်း။ နှစ်တိုင်း ဒီအချိန်ဆို သူနှင့် အော်ဟစ်ငြင်းခုံနေကျ။ အခုလည်း အရောက်ပြန်လာဖြစ်အောင် ပြန်လာသည်။ သူ့ဇနီးဖြစ်သူ ဆရာမ ဒေါ်နီလာတင်လည်း ယခုနှစ်အပူဇော် ခံစာရင်းတွင် ပါဝင်လာသည်။
၁၄ ယောက်စီး ကားတစ်စီးဆိုက်ပြီ။ ရန်ကုန်မှလာသော ဆရာကြီး ဆရာမကြီးတို့ ကားပေါ်မှ အဆင်းတွင်ပင် အသက် ကန့်သတ်ချက် ရင်ထိုးဖဲပြားတံဆိပ် ချိတ်ပေးကြသည်။ ယခုနှစ်တွင် နာမည်ရင်ထိုးလေးလုပ်ပေးထားသည်။ အမည် ဘယ်သူ၊ ဘယ်ကျောင်းဆိုပြီး အဝါရောင်နောက်ခံတွင် နက်ပြာစာလုံးက ထင်ထင်ရှားရှား။ နောက်တွင် တွယ်ချိတ်အစား သံလိုက်ကပ်ခွာ လေးသုံးထားသည်။ လက်မှတ်ထိုး စာရင်းယူသည့်နေရာတွင် ယခင်နှစ်တွေကလို အချိန်မကြာတော့။ ၁၈၅ ဦးသော ဆရာကြီး ဆရာမကြီးများကို အထက်အောက် အစုန်အဆန် ရှာစရာမလိုတော့။ ဆရာကြီး ဦးလေးဝင်း၏ အကြံပေးမှုအရ ဆရာကြီး ဆရာမကြီးအမည်များကို နာမည်ရှေ့ဆုံးစာလုံးဖြင့် သီးခြားခွဲစီစဉ်ထားသဖြင့် ရောက်လာပါက အမည်မေး၊ လက်မှတ်ထိုးသည့် နေရာကို ပြရုံသာ။ ဆရာ ဦးလေးဝင်းက ငယ်ကတည်းက သင်္ချာသင်ပေးခဲ့သည်မှအစ ယခုအထိ နည်းလမ်းကျအောင် သင်ပြနေတုန်း ဖြစ်သည်။ သက်တော်ရာကျော် ရှည်ပါစေဆရာ။
မုခ်ဦးမှအဝင် သာသနာ့ဗိမာန်ဘေးတွင် သတင်းမှတ်တမ်းဆပ်ကော်မတီ၏ ပြခန်းနှင့် အမှတ်တရ ရေးသားနိုင်ဖို့ အဖြူရောင် ဗီနိုင်းနှစ်ချပ်ကို ဘုတ်လုပ်ပြီး ထောင်ထား သည်။ ဘေးတွင် ဝှိုက်ဘုတ်၊ မာကာ အပြာရောင်လေးကလည်းဘေးမှာ အသင့်။ အခုတော့ဘာမှ ရေးထားတာမရှိသေး။ မကြာမီ ဒီအချပ်ကလေးအပေါ် လက်ရေးပေါင်းစုံ၊ လက်မှတ်ပေါင်းစုံ၊ စိတ်ခံစားမှုအလိုက် မြင်တွေ့ရပေဦးမည်။
မဟာဒုက်ဆွမ်းစားဆောင်သို့ ကြက်ခြေနီမောင်မယ်များ၊ ကျောင်းသားဟောင်း အငယ်တန်းလေးများက ဆရာကြီး ဆရာမကြီး များကို ပို့ပေးကြသည်။ အချို့က နံနက်စောစောစာ မစားလိုဘဲ ဘုရားဖူးလိုကြသည်။ ဂန္ဓကုဋိတိုက်တော်၏ ဘေးဘက်တွင် ၁၉၉၉ ကျောင်းသားဟောင်းများ၏အချိုပွဲ ရေခဲမုန့် ကျွေးမွေးမည့် စားပွဲများကို အသင့်ပြင်ထားသည်။ နံနက် ၈ နာရီခန့်တွင် အပူဇော်ခံ ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသားဟောင်းများ စုံလင်သလောက် ရှိလာသည်။
အပြုံးပန်းများဝေဆာ
အားလုံး၏မျက်နှာများတွင် အပြုံးပန်းများဝေဆာနေ ပေတော့သည်။ သူ့အုပ်စုအလိုက် စကားပြောကြ၊ ဆရာ ဆရာမတွေကို နှုတ်ဆက်ကြ။ ကျန်းမာရေးအကြောင်း၊ သာကြောင်းမာကြောင်းမေးကြ၊ ရှေးဖြစ်ဟောင်းအောက်မေ့ ဖွယ်တွေပြောကြ၊ ဆွမ်းစားဆောင်တွင်လည်း ငယ်ကဆရာနှင့် ငယ်ကတပည့် ထမင်းလက်ဆုံ စားကြ၊ အချိုပွဲကျွေးသည့် နေရာတွင်လည်း စကားတွေဖောင်ဖွဲ့ကြ၊ ဓာတ်ပုံရိုက်ကြ၊ ဖေ့စ်ဘွတ်အကောင့် အပြန်အလှန်အပ်ကြ၊ တကယ့်ကို ငယ်ဘဝပြန်ရောက်သွားကြ သလို ခံစားမိသည်။
အချို့က ဘုရားရင်ပြင်တော်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကြသည်။ အချို့က နတ်လမ်းတစ်လျှောက်ထိုင်လို့ စကားပြောဆိုနေ ကြသည်။ အချို့က အချိုပွဲဝိုင်းများတွင် အစုအဖွဲ့အလိုက်ရှိကြသည်။ မဟာဒုက်ဆွမ်းစာဆောင်အတွင်း စားနေသူအချို့က စားရင်း သောက်ရင်း ပြောကြဆိုကြသည်။ မြင်ကွင်းအမျိုးမျိုးက သူ့နေရာနှင့်သူ။ ပရဟိတအသင်းများကလည်း ဝိုင်းဝန်း ကူညီကြသည်။ အဖွဲ့စုံ အရောင်စုံ လှုပ်ရှားနေသူများကြောင့် ပူဇော်ပွဲကို ပိုမိုအသက်ဝင် စေသည်။
အခမ်းအနားမှူးက ဖိတ်ကြားပြီ
အခမ်းအနားမှူး၏ ဖိတ်ကြားသံကြားရပေပြီ။ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများကို သာသနာ့ဗိမာန်အတွင်းသို့ နေရာ ယူပို့ဆောင်ပေးကြသည်။ ကျောင်းသား ကျောင်းသူဟောင်းများလည်း နေရာယူကြပြီ။ ဦးစွာ အခမ်းအနားမှူးက အခမ်းအနား အစီအစဉ်ကို ရိုသေစွာ ဖတ်ကြားတင်ပြပါသည်။
အရှိန်အမြင့်ဆုံးအချိန်
(၂၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ကျောင်းသားဟောင်း တေးသံရှင် ကိုနိုင် (ခရမ်း)က ခြိမ့်သဲပူဇာမြတ်ဆရာ ကြိုးသီချင်းဖြင့် ဖွင့်လှစ်ပူဇော်ပါသည်။ ထို့နောက် အစီအစဉ်အရ တေးသံရှင် အေးအေးကျော်မင်းက မြတ်ဆရာသီချင်းဖြင့် ပူဇော်ပါသည်။ ထိုအချိန်သည် ပူဇော်ကန်တော့ပွဲအခမ်းအနား၏ အရှိန်အမြင့်ဆုံးအချိန်။ ဆရာတွေရော ကျောင်းသားဟောင်း များပါ သီချင်း၏ဆွဲခေါ်ရာသို့ပါသွားပေပြီ။ အချို့သူများတွင် မျက်ရည်များတွဲခိုလို့။ အချို့က မျက်တောင်ပုတ်ခတ်၊ ပုတ်ခတ် လုပ်ကြသည်။ ကန်တော့သည့်အစီအစဉ်က နှစ်မျိုးဖြစ်သည်။
ပထမဦးစွာ အသက် ၈ဝ နှင့်အထက်၊ အသက် ၇၅ နှစ် အထက် ဆရာကြီး ဆရာမကြီးများကို အသက် ၇ဝ နှစ်အထက်၊ အသက် ၆ဝ နှစ်အထက် ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသား ကျောင်းသူဟောင်းများက ကန်တော့ကြသည်။ ထို့နောက်တွင်မှ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအားလုံးကို ကျောင်းသူ ကျောင်းသားဟောင်းအားလုံးက ကန်တော့ကြသည်။
ထို့နောက်အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယခုနှစ်အလှူငွေ စုစုပေါင်းက သိန်း ၂၆ဝ ကျော်ရှိသည်။ လှူဖွယ်ဆက်ကပ်ရေး ဆပ်ကော်မတီနှင့် ၁၉၉၂ကျောင်းသားဟောင်းများ၊ ၁၉၉၈ ကျောင်းသား ဟောင်းများ၊ ၂ဝဝဝ ပညာသင်နှစ် ကျောင်းသားဟောင်းများ၊ ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ် ကျောင်းသားဟောင်းများက တစ်ပြိုင်နက် ဆက်ကပ်ကြစဉ် ကျောင်းသားဟောင်း တေးဂီတအဖွဲ့မှ တေးသံရှင် သိန်းဇော်ထွန်းက အသီးတစ်ရာ အညှာတစ်ခု သီချင်းဖြင့် ပူဇော်သည်။ ငယ်ကသင်ခဲ့သည့် ကျောင်း၏ပုံရိပ်များဖြင့် အတွေးကိုယ်စီရှိကြမည်ဟု ယုံကြည်မိ ပါသည်။
ဆရာကြီး၏ သြဝါဒ
အပူဇော်ခံဆရာကြီး ဦးမြသန်း၏ သြဝါဒစကားသည် မှတ်သားဖွယ်ကောင်းလှပါသည်။ ဆရာကြီးက ယခုလို ညီညီ ညွတ်ညွတ် ဆောင်ရွက်ကြသည့် ကျောင်းသားဟောင်းကြီး များကိုမြင်တွေ့ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ မင်းကွန်း ဆရာတော်ကြီး၏ အဆုံးအမကို ယခုလိုကြုံကြိုက်ခိုက် စကား လက်ဆောင် ပြောပြလိုကြောင်း၊ ပစ္စည်းမချမ်းသာရင်နေ စိတ်ချမ်းသာရမည်၊ အသားမဖြူရင်နေ စိတ်ဖြူရမည်၊ ရုပ်မလှရင်နေ စိတ်လှရမည်ဖြစ်ကြောင်း၊ ယောနိသော မနသီကာရနှင့် အယောနိသော မနသီကာရကို ကွဲကွဲပြားပြားသိရှိပြီး လိုက်နာကျင့်သုံးစေလိုကြောင်း။
အ ယောနိသော မနသိီကာရနှင့်ပတ်သက်ပြီး ဂျပန် ဆာမူ ရိုင်းကြီးကို တံငါသည်လေးက ကျေးဇူးစကားလက်ဆောင်ပေး လိုက်ကြောင်း၊ ထိုစကားမှာ စိတ်ကရှေ့ကသွားရင် လက်ကို နောက်ကထားပါ၊ လက်ကို ရှေ့ကထားရင် စိတ်ကို နောက်က ထားပါဟု မှာကြောင်း၊ အိမ်ပြန်ရောက်သည့်အခါ မိမိဇနီးနှင့် သားလေးဘေးတွင် ဆာမူရိုင်း ဝတ်စုံနှင့် လူတစ်ဦး အိပ်နေ ကြောင်း၊ သိသိမြင်မြင်ချင်း ဆာမူရိုင်းကြီး အလွန်စိတ်ဆိုး သွားကြောင်း။
နောက်တံငါသည်လေး ပြောလိုက်သည့်စကားကို သတိရပြီး အိမ်အတွင်းသို့ မိမိပြန်လာပြီဖြစ်ကြောင်း ပြောဆိုလိုက်ရာ မိမိဇနီးနှင့်သား၊ ထိုဘေးမှ မိမိအင်္ကျီဝတ်ဆင်ထားသည့် မိမိအမေကိုပါ တွေ့လိုက်ရပါကြောင်း၊ ဆာမူရိုင်းကြီးသည် တံငါ သည်လေး၏ စကားကို မကြားယောင်မိပါက မိမိ မိဘ၊ ဇနီးနှင့် သားကို မိမိလက် မိမိဓားဖြင့် သတ်လိုက်မိမည့်ဘေးမှ သီသီလေး လွတ်ကင်းသွားခြင်းသည် အ ယောနိသော မနသီကာရကို သိမြင်ပြီး ယောနိသော မနသီကာရအရ စိတ်လိုက်မာန်ပါ၊ စိတ်လိုက်ကိုယ်ပါ မလုပ်ခြင်း၏ ကျေးဇူးတရားဖြစ်ကြောင်း ဆုံးမသြဝါဒပေးပါသည်။
ဆရာကြီး၏ ဆုံးမသြဝါဒနှင့် ဆုပေးအပြီးတွင် အပူဇော်ခံ ဆရာ ဆရာမများ၊ ကျောင်းသားဟောင်းများအားလုံး၏ သာဓုသုံးကြိမ်ခေါ်သံသည် သကျမာရဇိန်သွန်းဘုရားကြီး သာသနာ့ဗိမာန်တော်မှ အထက်ဘဝဂ်တိုင်အောင် မိုးထက် သောသောညံသွားပေပြီ။
အခမ်းအနားအပြီး လှုပ်ရှားသွားလာနေသောသူများ ကြားတွင် ကျွန်တော် တွေတွေလေး ရပ်နေမိပါသည်။ ကျွန်တော် ၏ စိတ်အစဉ်သို့ မျောပါသွားသည်။ သေချာသည်က ယနေ့ ပူဇော်ပွဲတွင် ဆရာကြီးဦးမြသန်း၏ ဆုံးမသြဝါဒစကားသည် ထာဝရသိမ်းဆည်းထားရမည့် ဆရာ့လက်ဆောင်အဖြစ် ကျွန်တော့်တို့အားလုံး၏ ဦးနှောက်နှလုံးသားတွင် စူးစူးနစ်နစ် မှတ်ယူထားလိုက်မိကြမည်မှာ အမှန်ပင်။
ပူဇော်ကန်တော့နိုင်ခဲ့ပြီ
ယခုနှစ်တွင် အသက် ၆ဝ နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး ၁ဝ၉ ဦး၊ ၇ဝ နှစ်အထက် ၃၇ ဦး၊ ၇၅ နှစ် အထက် ၁၉ ဦး၊ ၈ဝ နှစ် အထက် ၂ဝ စုစုပေါင်း ၁၈၅ ဦးကို ပူဇော်ကန်တော့ နိုင်ခဲ့ပါသည်။
ယခုနှစ် ဆရာကန်တော့ပွဲနှင့် ပတ်သက်ပြီး ယခင်နှစ်များ အတိုင်း တက်ညီလက်ညီရှိကြသော အထက (၁) နှင့် အထက(၂)တို့မှ ကျောင်းသားဟောင်း အချို့ကို မှတ်တမ်းတင်မိသည်။ ၁၉၉၂ ကျောင်းသားဟောင်းများက ဆရာကြီး ဆရာမကြီး တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ စီနှင့် ထမင်းကျွေး ဧည့်ခံခြင်းကို တာဝန်ယူသည်။ ၁၉၉၈ အဖွဲ့က ငွေ$ ကျပ် ၅ဝဝဝ စီ ၊ ၂ဝဝဝ ပြည့်နှစ်အဖွဲ့က ကျပ် ၁၅ဝဝဝစီ၊ ၂ဝဝ၈-၂ဝဝ၉ အဖွဲ့က ကျပ် ၃ဝဝဝ စီနှင့် အချိုရည်တစ်ဘူးစီ၊ ဇော်လင်း (နန်းထိုက် အောင်မြေပဲဆီ)က ဆီတစ်ပိဿာစီ၊ ကိုထိုက်ကြီး- မခင်နန္ဒာ ထွန်းတို့က ပျားရည်တစ်ပုလင်းစီ၊ ၁၉၉၉ အဖွဲ့က ရေခဲမုန့်နှင့် မုန့်မျိုးစုံတာဝန်ယူသည်။ ၂ဝဝ၂ (ဝေဖြိုးကျော်တို့)အဖွဲ့က ကွယ်လွန်သွားသော ဆရာကြီး ဆရာမကြီးများအား ရည်စူးပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းကပ် သည်။ မမြင့်မြင့်သန်းက ဆရာကြီး ဆရာမကြီးများကို နံနက် စောစောစာ မုန့်ဟင်းခါးဖြင့် ဧည့်ခံသည်။ ကျောင်းသားဟောင်း ကိုကျေး (အေးရှားဝေါ)ကလည်း သူ၏ ဆရာကြီး ဆရာမကြီး ၁၅ ဦးကို တစ်ဦးလျှင် ငွေ$ကျပ် ၆ သိန်းစီဖြင့် ကန်တော့ခဲ့သည်။
ယခုနှစ်တွင် တက်ရောက်လာသော ဆရာကြီး ဆရာမကြီး များအနက် ဆရာကြီး ဦးမြသန်း၊ ဦးမြမောင်၊ ဦးစိုးလွင်၊ ဦးဝင်း ကျော်မိုး၊ ဦးလေးဝင်း၊ ဦးချိုလင်း၊ ဦးစိုးသိန်း၊ ဦးစိန်သန်းအောင်၊ ဦးအေးလွင်၊ ဦးတင်တိုး၊ ဦးဌေးဝင်း၊ ဦးဖေတင်၊ ဦးမိုး၊ ဦးနွယ်ဝင်း၊ ဦးလှမြင့်၊ ဦးမောင်မောင်သွင်၊ ဦးမြင့်ဖေ၊ ဦးသက်ဆွေ၊ ဦးတင်သိန်း၊ ဦးအေးချို၊ ဦးစိုးမြင့်၊ ဦးသိန်းမြင့်၊ ဒေါ်ခင်နွဲ့၊ ဒေါ်တင်စီ၊ ဒေါ်အေးသီ၊ ဒေါ်ခင်ညွန့်ရည်၊ ဒေါ်တင်လှ၊ ဒေါ်သန်းစိန်၊ ဒေါ်စန်းကြည်၊ ဒေါ်သန်းမြင့်၊ ဒေါ်ရီရီတင်၊ ဒေါ်စိန်အေး၊ ဒေါ်ကြည်ကြည်ဆွေ၊ ဒေါ်စိန်စိန်၊ ဒေါ်စန်းစန်း၊ ဒေါ်လှသန်း၊ ဒေါ်ခင်မာမာ၊ ဒေါ်သန်းအိ၊ ဒေါ်သန်းရီ၊ ဒေါ်ခင်လှမြင့်၊ ဒေါ်ခင် စန်းဝင်း၊ ဒေါ်စန်းဦး၊ ဒေါ်ကြည်ကြည်စန်း၊ ဒေါ်ယဉ်ယဉ်သန်း၊ ဒေါ်သန်းနွယ်ဦး၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်စိန်ကြည်၊ ဒေါ်ဖြူဖြူသန်း၊ ဒေါ်မြင့်မြင့်စန်း၊ ဒေါ်တင်တင်ယု၊ ဒေါ်ခင်ရီ၊ ဒေါ်မြင့်ကြည် (၁) နှင့် (၂) ၊ ဒေါ်အေးစန်း၊ ဒေါ်အေးသန်း၊ ဒေါ်လှလှမူ၊ ဒေါ်ဘေဘီ အေး၊ ဒေါ်အုန်းကြည်၊ ဒေါ်တင်နွဲ့ ၊ ဒေါ်ခင်ကြူ၊ ဒေါ်စန်းရင်၊ ဒေါ်ရီရီ၊ ဒေါ်သန်းတင့်အောင်၊ ဒေါ်ကျော်ကျော်၊ ဒေါ်သန်းသန်းဝင်း၊ ဒေါ်တင်အိ၊ ဒေါ်ကြည်အေး တို့ကို နှုတ်ဆက်ခွင့်ရလိုက်သည်။ နှုတ်မဆက်ဖြစ်ခဲ့သော ဆရာကြီး ဆရာမကြီးကိုလည်း ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရင်း ရည်မှန်းကန်တော့ခဲ့ပါသည်။
ကန်တော့ပွဲ အကြိုနေ့မြင်ကွင်း
၂၉-၁၂-၂ဝ၁၈ ရက်ညကလည်း ညလုံးပေါက်နီးပါး။ နံနက် ၂ နာရီခွဲမှ အိမ်ရောက်ပါသည်။ ပူဇော်ပွဲအမှတ်တရ ကျောင်းသားဟောင်းတေးဂီတအဖွဲ့၏ စင်တင်စတိတ်ရှိုးတွင် အဆိုတော်ပိုးအိစံ၊ နန္ဒဧရာ၊ အိပ်မက်ဆုံရာ ဝင်းနားအဆိုတော် မိုးဈာန်။ နာမည်ကြီးအနေဖြင့် ထိုမျှသာ ငှားနိုင်သည်။ ကျောင်းသားဟောင်း အဆိုရှင်များ ရှိနေလို့တော်သေးသည်။
စင်တင်စတိတ်ရှိုးကို ပူဇော်ပွဲငွေမှ သုံးစွဲခြင်းမရှိ။ မိမိငွေကြေး နိုင်ရာစုကြသည်။ ရန်ကုန်က အတန်းကြီးကျောင်းသား ဟောင်းများ၏ ဦးဆောင်ထည့်ဝင်ငွေနှင့် ကျန်တာကို ကျွန်တော်တို့မြို့က ဖြည့်သည်။ ဖြစ်ချင်လို့သာလုပ်ကြသည်။ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပါ။ စည်ကားစေချင်သည်။
အထူးသဖြင့် ကျောင်းသားဟောင်းတွေ ပူးပေါင်းပါဝင်စေ လိုခြင်းသည် ကျွန်တော်တို့၏ အ္တိမဆန္ဒ။ စတိတ်ရှိုးအတွက် သီချင်းတိုက်ကြသည်။ အဆိုရှင်တွေကလည်း မနည်းလှ။ မြန်မာသံအဆိုတော် ခရမ်းကိုနိုင်က ပူဇော်ပွဲဖျော်ဖြေရေး ဆပ်ကော်မတီအဖွဲ့ခေါင်းဆောင်။ ကိုညီညီထွန်းက သူ့တီးဝိုင်း ကို စေတနာအပြည့်ဖြင့် ကူညီသည်။ ကိုရဲထွဋ်၊ ကိုမင်းဦးလှိုင်၊ ကိုသိင်္ခတို့က အဆိုတော်ငှားဖို့စီစဉ်သည်။
ကိုညီနှင့် ကျွန်တော်က ကိုအောင်ကျော်မင်း၏အကူအညီ ဖြင့် ကိုခင်မောင်ဖြူထံမှ တီးဝိုင်းစက်များငှားဖြစ်သည်။ တကယ်စီစဉ်ကြည့်တော့မှ မလွယ်ရေးချမလွယ်။ ကျုံကန်သား ကျောင်းသားဟောင်း ကိုနိုင်မိုး၏ စမတ်အော်တိုဆားဗစ်မှ အငြိမ့်ခွင်ဟာသတစ်ခန်းရပ်အတွက် လှူဒါန်းပါဝင်သည်။
သီချင်းတိုက်ကြတော့ ကိုယ့်မြို့ကျောင်းသားဟောင်း များက ခေသူမဟုတ်။ ဆိုမည့်သူ ၁၁ ယောက်နှင့် သီချင်း ၁၆ ပုဒ်ရသည်။ ဘုရားရှေ့လယ်ကွင်းကို မြေညှိကြသည်။ အလှူရှင် ဦးအကျိုင်း(ခ) ဦးအောင်ကျော်ထံမှ ပေ ၄ဝ အရှည် တွဲကား နှစ်စီးရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက ပြင်ဆင် ကြသည်။ စင်မြင့်နောက်ခံက ပူဇော်ပွဲအမှတ်တရ ကျောင်းသား ဟောင်းများ၏တေးဂီတစာတမ်းက အညိုရောင်နောက်ခံတွင် အဖြူရောင် လက်ရေးစာလုံးလေးဖြင့် ကိုအောင်ကျော်သန်း (ပန်းချီ)က ဖန်တီးပေးသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ကတည်းက ဘုရားရှေ့တွင် လှုပ်ရှားနေသည့်လူများကြောင့် မြို့လူထုက စိတ်ဝင်စားနေ သည်။ အဆိုတော်တွေ ရောက်လာပြီ၊ တီးဝိုင်းဆရာတွေ သုံးခွကထွက်လာပြီ၊ ကွင်းပြင်ကျယ်တွင် ပလတ်စတစ်ထိုင်ခုံ များကလည်း စီချထားသည်။ ညနေ၅နာရီတွင် အသံစမ်းသပ် ခြင်းလုပ်သည်။
ကိုညီညီထွန်းအဖွဲ့နှင့် အဆိုတော် နန္ဒဧရာ၏ အသံကြောင့် လူများ တဖွဲဖွဲရောက်လာပြီ။ ကျောင်းသားဟောင်းတေးဂီတ အဖွဲ့မှ တေးသံရှင်ခရမ်းကိုနိုင်နှင့်အဖွဲ့အပြီးတွင် လင်းလက် ကြယ်စင်အငြိမ့်အဖွဲ့မှ ဟာသသရုပ်ဆောင်ကိုစံလင်းတို့ အပိုင်းကလည်း တဝါးဝါး တဟားဟား ရယ်ကြရလေသည်။
ထို့နောက် အဆိုတော်ပိုးအိစံ၏ ကျော်ကြားသော သီချင်းများ၊ ကျောင်းသားဟောင်း တစ်ယောက်ပြီး တစ်ယောက်၏ ဖျော်ဖြေမှုနှင့်အတူ ကောင်းကင်ညပြာပြာတွင် လမင်းသည်လည်း တရိပ်ရိပ်ရွေ့ခဲ့ပြီ။
အဆိုတော်မိုးဈာန်သီဆိုပြီး မကြာမီ တီးဝိုင်းအဆိုရှင် သုံးဦးဖြင့် စင်တင်စတိတ်ရှိုးကို ပိတ်သိမ်းလိုက်ပါပြီ။ တီးဝိုင်း အဖွဲ့သားများကား ပြန်ခါနီးတွင် အော်သွားသေးသည်။
you next year ….
၁၉၈၂ ၊ ၁၉၈၃ ကျောင်းသားဟောင်းအဖွဲ့
မြို့အဝင်က တော်ဝင်ခန်းမတွင် အကြိုနေ့ ပျော်ရွှင်ဖွယ် ကာရာအိုကေညကိုလည်း မှတ်တမ်းတင်မိသည်။
ပါဝင်သူတွေက ၁၉၈၂၊ ၁၉၈၃ ကျောင်းသားဟောင်းအဖွဲ့များဖြစ်သော ကိုလှမိုး၊ ကိုနုလွင်၊ ကိုနေလင်း၊ ကိုမင်းဇော်၊ ကိုသောင်း ဒန်၊ ကိုသိန်းနိုင်၊ မဖြူ၊ မနီနီအောင်၊ မဥမ္မာသိန်း၊ မဥမ္မာသွယ်၊ မခင်မာချို၊ မမြင့်သက်ခိုင်၊ မသီသီဆွေ၊ မခင်စန်းယု၊ မသက် သက်မော်၊ မယဉ်ယဉ်သန်း၊ မခင်မိမိအောင်၊ မလှလှမော်၊ မသိန်းသိန်းအေးတို့ တစ်သိုက်။ ပွဲတိုင်းကျော် ကိုဆန်းယု ကတော့ ရိပ်သာဝင်နေသည်ဟု ကြားသည် ။ ယခုနှစ် မလာနိုင်။ အပြိုင်ကြဲသည်က ခိုင်သင်းကြည်မင်္ဂလာပွဲ စုံတွဲသီချင်းများ။ ဘယ်အချိန်ကလေ့ကျင့်ထားမှန်းမသိသည်က ကိုမင်းဇော်နှင့် မဖြူကလည်း ခပ်ပိုင်ပိုင်။ မဖြူနှင့် မိုက်ခဲကိုသောင်းဒန်က တစ်မျိုး၊ ထူးခြားသည်က မအေးအေးကျော်။ ဘယ်တုန်းကတည်းက ကာရာအိုကေခန်း တိတ်တိ်တ်ပုန်းသွားနေသည် မသိ။ အဆိုပိုင်ပုံကလာမယ့် idol ဝင်ပြိုင်လျှင် နိုင်လောက်သည့် အခြေအနေ။
သီးသန့်စားသောက်ဆိုင်မှာလည်း စီနီယာ သူငယ်ချင်း အုပ်စုများ စုရုံးနေတာတွေ့သည်။ မမိုးမိုးဆွေတို့အဖွဲ့က ၃၄၅ စားသောက်ဆိုင်တွင် စုမိခဲ့ကြကြောင်း ကြားသည်။ ဧည့်သည်နှင့် အိမ်ရှင် သူငယ်ချင်းအုပ်စုများအလိုက် အလျှိုအလျှိုဖြင့် ဆုံတွေ့ပြီး ပျော်ရွှင်ရယ်မောသံများကြောင့် အကြိုညတွင် တစ်မြို့လုံးလည်း ညံပွက်နေသည်။
၃ဝ ရက်နေ့နံနက်ခင်းထူးခြားမှုတစ်ခုက (၂၇) ကြိမ်မှ ပထမဆုံးအဖြစ် ရောက်လာသည့် လှတပတလေး မဌေးဌေး ဆွေ။ ပူဇော်ပွဲခန်းမထဲတွင်တော့ မနှစ်က ဗိုလ်အောင်ဒင်ဘွဲ့ ပိုင်ပိ်ုင်ရထားသည့် ကိုအောင်ထူး၏ ချစ်ရက်ရှည်ရှည်အင်းလျား မြေ ဖျော်ဖြေမှုကို မမြင့်မြင့်အေးနှင့် မယဉ်ယဉ်မြင့်တို့က အကဖြင့် ပံ့ပိုးပေးသည်။ ကိုကျော်ဇင် (ရောင်နီဦး)ကလည်း အားကျမခံ စံလင်း၏ ကဗျာမမီ စာမပီဖြင့် ဆရာကြီး ဆရာမ ကြီးများကို အပျော်ကူးစက်စေခဲ့သည်။
(၂၈) ကြိ်မ်မြောက်မှသည် ……
မိမိတို့မြတ်ဆရာပူဇော်ပွဲ (၂၈) ကြိ်မ်မြောက်ကိုလည်း နောက်နှစ်တွင် ကျင်းပနိုင်မည် မလွဲပေ။ ထိုမှ (၂၉)ကြိမ်မြောက်၊ အကြိမ် (၃ဝ) မြောက်၊ ထိုမှ … ထိုမှ နှစ်စဉ် မပျက်မကွက် ပူဇော်ကန်တော့သွားကြမည်ဟု ယုံကြည်ပါသည်။ ဆရာကြီး ဦးမြသန်း၏ ဆုံးမသြဝါဒပါအတိုင်း ယောနိသော မနသီကာရဆိုသည့် သင့်မြတ်စွာနှလုံးသွင်းခြင်း၊ အထိုက်အလျောက် သဘောထားခြင်း တို့ဖြင့် ကျောင်းသားကျောင်းသူ ဟောင်းများအားလုံးက ကျောင်းစွဲ၊ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲ စသည့် အစွဲများကင်းရှင်းပြီး ညီညွတ်စွာဖြင့် က္ဘာတည်သရွေ့ မိမိတို့ မြတ်ဆရာပူဇော်ပွဲများကို ဆက်လက်ကျင်းပသွားနိုင်ပါစေကြောင်း ဆန္ဒပြုရင်း။ ။