စစ်ကိုင်း ၁၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ငါ့တရော်ရွာတွင် ဆရာမေတ္တာကို အမြဲအမှတ်ရစေရန် စုပေါင်းစိုက်ထူထားသည့် ဆရာ့အမှတ်တရ ကျောက်တိုင်ကို ထူးခြားစွာ တွေ့မြင်နိုင်သည်။ ကျောက်စာတိုင်မှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဘိုးသစ်ကျောက်စာတိုင် ဖြစ်သည်။ ဆရာကြီးသည် ငါ့တရော်ရွာ မူလတန်းကျောင်းကို စတင်တည်ထောင်ခဲ့ပြီး တပည့်များကို ပညာအမွေပေးအပ်ခဲ့သည်။ ကျေးရွာကိစ္စအ၀၀ကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး တပည့်များကို သားသမီးပမာ ပြုစုစောင့်ရှောက်သည့်အတွက် တစ်ရွာလုံးက ချစ်ခင်ကာ ရိုသေကြသည်။
ဘုရားနှင့်တစ်ဂိုဏ်းတည်းထား ကိုးကွယ်ကာ ဝါတွင်းကာလ ဥပုသ်စဉ်များ ပြုလုပ်ရာတွင် သံဃာတော်များအတွက်သာမက ဆရာကြီးအတွက်ပါ ကန်တော့ပွဲတစ်ပွဲ လှူဒါန်းကြသည်။ ရပ်ရွာသာရေးနာရေးမှအစ ဆရာကြီးကဦးဆောင်ကာ ဆောင်ရွက်ခဲ့ပြီး တပည့်များ မလိမ္မာပါက တွေ့သည့်နေရာတွင် ဆုံးမပဲ့ပြင်ပေးသည်။ ကျောင်းအုပ်ဆရာ ဦးဘသစ်မှာ ၁၂၆၉ ခုနှစ် ပြာသိုလပြည့်ကျော် (၈)ရက်နေ့တွင် မွေးဖွားခဲ့သည်။ တံတားဦးမြို့နယ် မြေငူရွာသားဖြစ်သော်လည်း ငါ့တရော်ရွာကို သံယောဇဉ်ကြီးကာ သေသည်အထိ ခေါင်းချသွားခဲ့သည်။ ဆရာကြီးသည် ၁၃၃၄ ခု ကဆုန်လဆန်း (၁၁)ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားခဲ့သည်။
ဆရာကြီး၏ အသုဘအခမ်းအနားကို ပွဲလမ်းသဘင်များဖြင့် ကြီးကျယ်စွာဆင်နွဲပြီး အမှတ်တရကျောက်စာတိုင် စိုက်ထူခဲ့သည်။ ကျောက်စာတိုင် ဘေးပတ်ပတ်လည်တွင် ဆရာကြီး၏ ဂုဏ်ရည်များနှင့် ဆုံးမစကားများကို ကျောက်စာဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်။ ကျောက်စာတွင် ရေးထိုးထားသော ကျောင်းအုပ်ဆရာ ဦးဘိုးသစ်၏ ဂုဏ်ရည်များမှာ သူတစ်ပါးအား ပြစ်တင်ကဲ့ရဲ့ပြောဆိုခြင်း နည်းပါးသည်။ အရာရာတွင် ရောင့်ရဲစွာနေလေ့ရှိသည်။ ပစ္စုပ္ပန်ကာလတွင် သင့်အောင်ကောင်းအောင် နေလေ့ရှိသည်။ လူအိုသော်လည်း စိတ်ပျိုအောင်နေသည်။ ဆရာ့ဂုဏ်ရည်တွင် စံပြဖြစ်သည်ဟု ရေးထိုးထားသည်။ ဆရာကြီး၏ သြဝါဒထူးများအနေဖြင့် ကျောက်စာဖြင့် ရေးထိုးထားရာတွင် ဓါးတိုလျှင် ရှေ့တစ်လှမ်းတိုးခုတ်ပါ။ တကယ်ကြိုးစားပါ မုချအောင်မြင်မည်။
ဆုံးရှုံးရခြင်းတွင် မိမိချို့ယွင်းချက် မုချပါသည်။ မည်သူမှားမှား မိမိမှန်ဖို့လိုသည်။ စိုက်ပါပျိုးပါ။ ကျန်းမာရမည်၊ ဝမ်းစာရမည်၊ ချမ်းသာရမည်ဟု ရေးထိုးထားသည်။
တစ်ရွာလုံးကချစ်ခင်သော ကျောင်းအုပ်ဆရာကြီး ဦးဘိုးသစ်ကျောက်စာတိုင်ကို ကျေးရွာသူ ကျေးရွာသား တပည့်များက ၁၃၃၄ ခုနှစ် နယုန်လဆန်း ၁၁ ရက်နေ့တွင် ပြီးစီးအောင်စိုက်ထူခဲ့သည်။ အစဉ်အဆက် ဆရာကြီးကျောက်စာတိုင်ကို ဂရုပြုထိန်းသိမ်းထားသည့်အတွက် ယခုအခါ မြန်မာနိုင်ငံတွင် ရှားပါးစွာမြင်တွေ့ရသည့် ဆရာ့အမှတ်တရ ကျောက်တိုင်အဖြစ် ငါ့တရော်ရွာတွင် တည်ရှိနေသည်။
တိမ်တမန်


