ရန်ကုန် ၉ ဖေဖော်ဝါရီ
ဒုရဲအုပ်ဦးညွန့်ဝင်း (ခ) ကဗျာဆရာ နေဘုန်းမိုရ်ရေးသားခဲ့သော ပန်းပုံပြင်ကဗျာ စာအုပ်ထုတ်ဝေမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ပန်းပုံပြင်ကဗျာစာအုပ်နှင့် ပတ်သက်၍ ဆရာ ဟယ်ရီလွင်၊ ဆရာနေဘုန်းမိုရ်၏ မိသားစုဝင် ကျောင်းဆရာ ဦးသန်းဌေး၊ ဆရာ ရင်ခတ်ဆူး၊ ဆရာ ရတုသစ်၊ ဆရာ တက္ကသိုလ်ဆန်းတင့်နိုင်၊ ဆရာဆောင်းဒီတို့က မိတ်ဆက်စကားပြောကြားသည်။
“သူရှိစဉ်အခါက သူ့ကဗျာတွေကို စာအုပ်သီးသန့်ထုတ်ဖို့ ဆန္ဒရှိတယ်၊ ရည်ရွယ်ရင်း ကြိုးစားရင်းနဲ့ပဲ သူဆုံးသွားတဲ့အခါမှာ သူစာမူတွေက ရောက်မလာဘူး၊ အခု ဒီပွဲကို စီစဉ်ပေးတဲ့ ကလေးတွေက သူ့တပည့်တွေဖြစ်နေတယ်၊ သူတို့ဆရာကို ကျေးဇူးဆပ်တဲ့အနေနဲ့ လွမ်းဆွတ်သတိရတဲ့အနေနဲ့ ထုတ်ပေးကြတာပါ၊ ကျွန်တော်တို့လည်း ကဗျာရေးတတ်တာက အွန်လိုင်းကနေ ဆရာကသင်ပေးလို့ ရေးစပ်တတ်တာပါ၊ ဒီစာအုပ်ထဲမှာ ကဗျာကိုမျိုးစုံပါပါတယ်၊ တေးထပ်၊ တျာချင်း၊ လေးချိုး၊ ဒွေးချိုးတွေ မြန်မာဂန္ထဝင် ကဗျာရေးနည်းစုံနဲ့ပါတယ်၊ ဒီစာအုပ်မှာ ပန်းကဗျာပေါင်း (၈၉)ပုဒ်နှင့် တခြားကဗျာ(၈)ပုဒ် ပါဝင်ပါတယ်၊ အွန်လိုင်းမှာတော့ ပန်းဘုရင်လို့ လူသိများပါတယ်” ဟု ကိုတင်ဝင်းလှိုင် (ခ) ဗေဒါဆွေ(ရွှေဘိုသား)က ပြောသည်။
“ပြည်ကောလိပ်နဲ့ ပုသိမ်ကောလိပ်တက်ကတည်းက စာတွေရေးခဲ့တယ်၊ လေးနှစ်ကြာ ကျောင်းဆရာဘ၀ ရဲဝန်ထမ်းဘဝနဲ့ကနေ ကဗျာစာတွေ ရေးပြီးပေးပို့ခဲ့တယ်၊ ဒီစာအုပ်လေးသာ အောင်မြင်မယ်ဆိုရင် သူရေးပြီး ကျန်ခဲ့တဲ့ စာတွေဆက်ပြီး ထုတ်ဝေဖို့ရှိပါတယ်”ဟု ၎င်း၏ညီမဖြစ်သူ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းကြူက ပြောသည်။
ဒုရဲအုပ်ဦးညွန့်ဝင်း (ခ) ကဗျာဆရာနေဘုန်းမိုရ်သည် ၁၉၆၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီးကျေးရွာတွင် မွေးဖွားပြီး၊ ၁၉၈၃-၈၄ ခုနှစ်မှစ၍ ပြည်ကောလိပ်မဂ္ဂဇင်းတွင် “အကျည်းတန်းချစ်သူ” ဝတ္ထုတို၊ နှင်းပွင့်ပုံရိပ်အိပ်မက်နှင့်အတူ ကဗျာများဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့ပြီး ကဗျာစာပေရေးသားနည်းများကို အွန်လိုင်းပေါ်မှ လူငယ်များအား သင်ကြားပေးခဲ့ရာ လူသိများလာသည်။ ဆရာနေဘုန်းမိုရ်သည် ၁၇-၁၁-၂၀၁၆ ရက်နေ့ အသက် (၅၂)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကာ တစ်နှစ်ပြည့်တွင် ယခုစာအုပ်အားထုတ်ဝေရန် စာပေတပည့်များက စုပေါင်းပြင်ဆင်၍ သုံးနှစ်ကျော်တွင် မန္တလေးမြို့၊ အာသီသစာပေက ထုတ်ဝေပြီး ကိုလတ်စာပေက ဖြန့်ချိခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


