ကော့သောင်း၊ ၈ ဒီဇင်ဘာ
ကော့သောင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ ဆရာတော် သံဃာတော်ကြီးများက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ ဘိုးဘွားများ ဆေးဝါးကုသမှု ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက အလှူငွေများ ကြွရောက်လှူဒါန်းသည်။
လှူဒါန်းမှူတွင် ကော့သောင်းမြို့ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဆောင်သည့် ဆရာတော် သံဃာတော် ၁၃ ပါးမှ ရိပ်သာရှိ ဘိုးဘွားများ နာမကျန်းဖြစ်သည့်အခါ ဆေးဝါးကုသမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးရည်ရွယ်ကာ မတည်အလှူငွေကျပ် ၁၁၆၀၀၀၀ နှင့် ထိုင်းဘတ်ငွေ ၁၁၀၀၀ အား ဘိုးဘွားရိပ်သာ ဘဏ္ဍာရေးကော်မတီသို့ ကြွရောက်လှူဒါန်းခြင်းဖြစ်သည်။
ကော့သောင်းမြို့ ဘိုးဘွားရိပ်သာအား ၂၀၀၃ ခုနှစ်က မြို့မိမြို့ဖ အလှူရှင်များ၊ လုပ်ငန်းရှင်များ စုပေါင်း ဆောက်လုပ်လှူဒါန်းခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှစတင်၍ ကုသိုလ်ရှင်များဖြင့် ကော်မတီဖွဲ့စည်းကာ ခိုကိုးရာမဲ့ ဘိုးဘွားများအား လက်ခံပြုစုစောင့်ရှောက်လျက်ရှိသည်။ ရိပ်သာအရှည်တည်တံ့ရေးအတွက် မြို့မိမြို့ဖ စေတနာရှင်များက ယနေ့အထိ ကုသိုလ်ပြုဆောင်ရွက်လျက်ရှိရာ ရိပ်သာတွင် ဘိုးဘွား ၄၀ ကျော်ကို ပြုစုစောင့်ရှောက်ပေးထားပြီး ခိုကိုးရာမဲ့သက်ကြီးဘိုးဘွားများ ပိုမိုလက်ခံပြုစု စောင့်ရှောက်ပေးနိုင်ရေးအတွက် အဆောက်အအုံများတိုးချဲ့ခြင်း၊ နေ့စဉ်ကျွေးမွေးပြုစုခြင်း၊ ဆေးဝါးကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကျော်စိုး(ကော့သောင်း)


