၁၇ နိုဝင်ဘာ

ခြံဝင်းထဲမှာ သစ်ရွက်ကြွေများကို တံမြက်စည်း တစ်ချောင်းဖြင့် လှည်းကျင်း သန့်ရှင်းနေစဉ် ရုတ်တရက် လဲကျသွားကာ ဆုံးပါးရှာသည်။ နှလုံးရောဂါဟု သိရ၏။

သူ့ကို မြန်မာစာပေနယ်တစ်ဝန်းက ပန်းချီ ဘဌေး ကြည်၊ ကာတွန်းဆရာ ဘဌေးကြည်၊ ငဘကြည် ဟူ၍ လူသိများ ထင်ရှားသူဖြစ်သည်။ သူက ကဗျာတွေရေးတဲ့ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။ ကဗျာရေးတော့ သူ့ကလောင်နာမည်က ညိုမြတ် တဲ့။

သူ့ကို ၁၉၆၂ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်မြို့၊ ရွှေဟင်္သာမြို့သစ် တိုက် ၂၁၊ အခန်း ၈၌ အဖ ဦးမြဌေး၊ အမိ ဒေါ်ယဉ်ကြည်တို့က မွေးဖွားသည်။ မွေးချင်း သုံးဦးအနက် အကြီးဆုံးသား။ အမည်ရင်းမှာလည်း ဘဌေး ကြည် ဖြစ်၏။

တစ်လသားအရွယ်တွင် ပြည်မြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်က သတ္တဗေဒ အထူးပြုဘာသာရပ်ဖြင့် B.Sc(Zoo) ဘွဲ့ ရရှိခဲ့သည်။

၁၉၈၂- ၈၃ ခုနှစ်တွင်ငံဘကြည်ကလောင်အမည်ဖြင့် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ပုဂံမြို့ ကိုးလုံးကျောင်း၊ ညောင်ဦးမြို့ တောင်ဇင်း (စက်စက်ယို) ကျောင်းတို့တွင် အလယ်တန်းပြ ကျောင်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပေဖူးလွှာမဂ္ဂဇင်း၌ ဘကြည် ကလောင်အမည်ဖြင့် ကာတွန်းများ စတင်ရေးခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး Today Media (ပလုတ်တုတ်) ၌ ဂရပ်ဖစ်ဒီဇိုင်နာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် freelance ဒီဇိုင်နာအဖြစ် Prestige Media ၌ တာဝန်ယူခဲ့သည်။

မဂ္ဂဇင်းများတွင် ကာတွန်းများ၊ စာနယ်ဇင်းသရုပ် ဖော်များ အများအပြား ရေးခဲ့သည်။

တစ်ကိုယ်တော်ပန်းချီပြပွဲများအဖြစ်

1. WHITE HUNDRED 1999(10 - 16 Dec)

2. THE DOOR 2011(29 0f - 12 Nov)

3. Landscapes 2017(16-20 Dec) ပြသခဲ့သည်။

စုပေါင်း ပန်းချီပြပွဲများဖြစ်သည့် -

1. The Way 1996 (Nov)

2. ၄ ကြိမ်မြောက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာများ ပန်းချီပြပွဲ ၁၉၉၈ (နိုဝင်ဘာ)

3. ဆေးစက်ကျရာ ပန်းချီပြပွဲ ၁၉၉၉ (ဧပြီ)

4. ကံကော်ရွာ ပန်းချီပြပွဲ ၂၀၀၀ (ဇွန်)

5. ART SHOW 2006 March)

6. PLAYERS 2010 (Jan)

7. Fantasia 2010 (March)

8. Middle Man 2011 (June)

9. mint 2013 (July)

10. မဟာမှိုင်းအလွန် နှစ် ၅၀ ပန်းချီပြပွဲ ၂၀၁၄ (ဇူလိုင်)

11. ပဇွန် ၂၀၁၆ စသည့်ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

ဘဌေးကြည်အမည်ဖြင့် စာအုပ်အချို့ ထုတ်ခဲ့ဖူးသည်။

၁။ ဘဌေးကြည် ကာတွန်းများ(၁၉၈၆-၂၀၀၂)၊ ၂၀၀၃။

၂။ ရှုခင်းပန်းချီ မှတ်တမ်း၊ ၂၀၁၂။

၃။ ဘဌေးကြည် ကာတွန်းများ(၁၉၈၆-၂၀၁၄)၊ ၂၀၁၅။

၄။ ပုံပြင်စာအုပ်များ၊ ၂၀၁၅။

၅။ ရှုခင်းပန်းချီ မှတ်တမ်း( ၂၀၁၁ - ၂၀၁၇)၊ ၂၀၁၈

 

တို့အပြင်

၆။ တက္ကသိုလ် ကျောင်းသားဘဝ ညိုမြတ် ကလောင်အမည်ဖြင့်ရေးခဲ့သည့် ကဗျာများကို ဆရာ မောင်လင်းရိပ် ၏ ကနဦးအရေးအသား Prologue များနှင့်အတူ “ရှုံးတဲ့ပန်းပွင့် အမည်ဖြင့် ၂၀၁၆ တွင်ထုတ်ဝေခဲ့သည်။

ဆရာဘဌေးကြည်သည် ကွယ်လွန်ချိန်အထိ ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ကာတွန်းများ၊ စာနယ်ဇင်းသရုပ်ဖော်ပုံများစွာကို ရေးဆွဲခဲ့သည်။ လုံးချင်းစာအုပ် မျက်နှာဖုံးပုံများစွာလည်း ရေးဆွဲခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် အမှတ် (၅၃၁)၊ ရွှေနံ့သာလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံနေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရပါသည်။

ဘဌေးကြည် ဟူသော အမည်၊ ငဘကြည် အမည်ဖြင့် ရေးဆွဲခဲ့သော ကာတွန်းများမှာ အဆင့်အတန်းမြင့်မြင့် သရော်မှုများအဖြစ် ထင်ရှားပါသည်။ လက်ရာက အလွန် ရိုးရှင်း၏။ ကာတွန်း လူတို့၏ အတွင်းစိတ်သဏ္ဌာန်ကိုပါ မြင်ရအောင် သရုပ်ဖော်တတ်သူဖြစ်၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကမောက်ကမမှုများကို ထိထိမိမိ သရော်နိုင်သူတစ်ဦးအဖြစ် လေးစားခံရသူဖြစ်ပါသည်။

သူ့အလွမ်းစာမှာ ဆရာဇော်မောင်က ရေးထားသည့်အတိုင်း ဒီနေရာမှာ ဖော်ပြချင်ပါသည်။

"ဒီတုန်းက ဟံသာဝတီ ဦးဝင်းတင်က သတင်းစာမှာ ငဘကြည်ရဲ့ ကာတွန်းတစ်ကွက်ကို ချီးကျူးဖူးတယ်။ လူတစ်ယောက် လမ်းလျှောက်လာတာ ခလုတ်တိုက်တော့ “ဘာ လို့ အော်သံကို တစ်ကွက်ပြတယ်။ နောက်တစ်ကွက်ကျ အဲဒီလူက ကျွန်တော်အော်တာ မဟုတ်ပါဘူးတဲ့၊ ဟိုဓာတ်တိုင်ပေါ်က ကျီးကိုလက်ညှိုး ထိုးပြီး သူအော်တာ ပါတဲ့။ ခေတ်က ခလုတ်တိုက်တာ နာလို့တောင် အားလို့ မအော်ရဲတဲ့ခေတ်တဲ့ဗျာ။ ဒါကို သူက ကာတွန်းနဲ့ သရော်ထားတာလေ။

သူ၏ ထူးခြားသွက်လက်သော လက်ရာများဖြင့် ရေးဆွဲသော လုံးချင်းစာအုပ်မျက်နှာဖုံးပုံများမှာ ဆန်းသစ် ကာ ကျော်ကြားပါသည်။

အေးအေးဆေးဆေး နေတတ်သူ၊ မပလွှားသူ ထင်ပေါ်ကျော်ကြားမှုနောက် မလိုက်သူဖြစ်သည်။ အေးအေးနေတတ်သူဆိုသော်လည်း တိုင်းရေးပြည်ရေးတွင် ရှောင်ဖယ်နေတတ်သူ မဟုတ်။ အလွန်ဖိနှိပ်နေသော ကာလများတွင် သူ၏ကာတွန်းများကို ရအောင်ရေးဆွဲ ဖော်ပြခဲ့သူ ဖြစ်သည်။

၂၀၀၇ ရွှေဝါရောင် သံဃာတော်များ အရေးတွင် ရွှေတိဂုံဘုရားပေါ်၌လူထုကြားတွင် တိတ်တိတ်ဆိတ်ဆိတ် ပါဝင်ဆင်နွှဲနေသော သူနှင့် တွေ့ဆုံနှုတ်ဆက်ကြရသည် ကို မှတ်မိနေသည်။ မှတ်မှတ်ရရဆိုရလျှင် သံဃာတော်များက ပြည်သူတို့လည်း ပါဝင်ကြပါရန် မေတ္တာရပ်ခံစာ ထုတ်ဝေသည့်နေ့ဖြစ်သည်။ ပြည်သူတစ်ဦးအနေဖြင့် ဝင်ရောက်ပါဝင်ခဲ့ကြရင်း အမှတ်မထင်တွေ့ကြ၊ ပန်းတိုင် တစ်ခုဆီသို့ အတူ လျှောက်ခဲ့ကြသည်။

လူချစ်လူခင် အလွန်ပေါသူ၊ အေးချမ်းဆိတ်ငြိမ်သူ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် အမြဲဆင်ယင်ထားသူ ဆရာ ဘဌေးကြည် ကျွန်တော်တို့အားလုံးကို ထားခဲ့ကာ သူ့စတိုင်အတိုင်း တိတ်တိတ် ဆိတ်ဆိတ် ထွက်ခွာသွားလေပြီ။

ကျန်ရစ်သူတို့မှာ ဝမ်းနည်းတသ ယူကြုံးမရ။

စာအုပ်ပိုး

မှတ်ချက်။ အချက်အလက်များကို ကိုယ်ထိုက်က ရှာပေးပါတယ်။