ဆရာတို့စာ ကျွန်တော်တို့အမြင် သူတို့စကား သုတရသ စာပေစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ

ရန်ကုန် ၂၉ ဇန်နဝါရီ 

Thihayadanar Entertainment က စီစဉ်တင်ဆက်သည့် ဆရာတို့စာ ကျွန်တော်တို့အမြင် သူတို့စကား သုတရသ စာပေစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာမ နတ်မောက်အနီချို၏ “လမ်းဆုံးတော့ရွာနှင့် အခြားဝတ္ထုရှည်များ”၊ စာရေးဆရာ မြေလတ်မောင်မြင့်သူ၏ “ရေနည်းငါးတစ်ကောင်၏ ဘဝအားမာန် လူငယ်လူရွယ်ဆိုင်ရာ အက်ဆေးများ”၊ စာရေးဆရာ ထက်မြက်၏ ကမ္ဘာကျော်ဖိနပ်များနှင့် အခြားအက်ဆေးများ စာအုပ်တို့နှင့် ပတ်သက်၍ စာရေးဆရာ လေးကိုတင်က ဦးဆောင်ပြီး စာရေးဆရာ ဆောင်းဝင်းလတ်နှင့် စာရေးဆရာမ မီမိုးတို့က ဝိုင်းဖွဲ့ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင် လူငယ်များက သိလိုသည်များကို မေးမြန်းကြရာ စာရေးဆရာများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ-ရီရီမြင့်