၂၅ ဖေဖော်ဝါရီ

 

“အနုပညာ” ဆိုတဲ့ စကားလုံးလေးရဲ့  အဓိပ္ပာယ်က  အင်မတန် ကျယ်ဝန်း နက်နဲလှပါတယ်။ “ဆရာဝန်နဲ့ အနုပညာ” လို့ ဆိုလိုက်တာကြောင့် ဆရာဝန်တစ်ယောက်နဲ့  အဆို၊  အက၊  အရေး၊  အတီး၊  ပန်းချီ၊  ပန်းပုစတဲ့  အနုပညာ တစ်ရပ်ရပ်နဲ့  ပတ်သက်ဆက်နွှယ် ကျွမ်းကျင်မှုအကြောင်းတွေကို  ရေးသားမယ်လို့ မထင်စေချင်ပါဘူး။ အနုပညာစိတ်ရှိတဲ့ဆရာဝန် (သို့) အနုပညာမြောက်တဲ့ခံစားမှု၊   သက်ဝင်ယုံကြည်မှုတွေရှိတဲ့   ဆရာဝန်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေနဲ့ပတ်သက်ပြီး ကျွန်မ စဉ်းစားတွေးခေါ်မိသမျှ၊ ကျွန်မ တွေ့ကြုံခဲ့ရသမျှလေးတွေကို မျှဝေခံစားခြင်းသာ ဖြစ်ပါတယ်။

 

“အနုပညာ” ဆိုတဲ့ အဓိပ္ပာယ်က စေတနာအရင်းခံသော စိတ်ကူးလေးများကို ထိုးထွင်းဉာဏ်နဲ့ဖန်တီးပြီး ရရှိလာတဲ့ နှစ်လိုဖွယ်အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။ စိတ်ချမ်းသာမှု ရရှိစေဖို့အတွက် အနုစိတ်ခြယ်မှုန်းထားတဲ့ ပညာရပ်ကိုတော့ “သုခုမအနုပညာ” လို့ခေါ်ဆိုပါတယ်။ လူအများ သတ်မှတ်ထားတဲ့ ဆို၊ က၊ ရေး၊ တီးနဲ့ ပန်းဆယ်မျိုး အနုပညာရပ်တွေဟာ သာမန်လူတို့ထက် ပိုမိုဖန်တီးထားတဲ့ အနုစိတ်တဲ့ အနုပညာရပ်တွေဖြစ်ပါတယ်။ ပါရမီမြောက်တဲ့အနုပညာလို့ ဆိုရမှာပါ။

 

နေရာတိုင်းမှာ အနုပညာရှိပါတယ်။ “အနုပညာ” ဆိုတာ ဖန်တီးသူကို စိတ်ကျေနပ်ပျော်ရွှင်မှု  ပေးစွမ်းနိုင်သလို ခံစားသူကိုလည်း ချမ်းမြေ့ပျော်ရွှင်မှု ပေးစွမ်းနိုင်ပါတယ်။ စာရေးခြင်းအနုပညာ၊  ပေါင်းသင်းဆက်ဆံရေးအနုပညာ၊ ဈေးရောင်းခြင်းအနုပညာ၊ အသက်မွေးဝမ်းကျောင်းအနုပညာ၊ စာပေ  ဟောပြောခြင်း အနုပညာ၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး  စတဲ့ နယ်ပယ်တိုင်းမှာ အနုပညာနဲ့ ဆက်နွှယ်နေကြပါတယ်။

 

အထူးသဖြင့် လူနေမှုဘဝနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ အများအကျိုး သယ်ပိုးနေကြသူ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ အနုပညာမြောက်အောင် ဖန်တီးနိုင်ဖို့ ပိုပြီးအရေးကြီးလှပါတယ်။ ဥပမာ-  ပညာရေး  ဝန်ထမ်း ဆရာ ဆရာမတွေအနေနဲ့ မိမိသင်ကြားရမယ့် ဘာသာရပ်ကို မိမိရဲ့ထိုးထွင်းဉာဏ်နဲ့ အနုပညာမြောက်အောင် သင်ကြားမယ်ဆိုရင် စာသင်သား တပည့်တွေအတွက်    အကျိုးများမှာဖြစ်ပါတယ်။ ဒါကြောင့်  ဆရာဝန်နဲ့အနုပညာရယ်လို့ ခေါင်းစဉ်တပ်လိုက်ရတာဖြစ်ပါတယ်။

 

“ဆရာဝန်” ဆိုတာ သီးခြားလူတန်းစားတစ်ရပ် မဟုတ်ပါဘူး။ လူထဲကလူသာမန် ပုထုဇဉ်တစ်ယောက်သာဖြစ်လို့ ခံစားတတ်တဲ့နှလုံးသားကလည်း အခြားသူတွေနဲ့ အတူတူပါပဲ။  လောဘ၊  ဒေါသ၊ မောဟ၊  မာန်မာနဆိုတဲ့ကိလေသာတွေကဖြင့် ချမ်းသာ၊ ဆင်းရဲ၊ ပညာရှိ၊ ပညာနည်း၊ အသက်အရွယ်၊  အဆင့်အတန်းမရွေးမှာ ရှိနေကြပါတယ်။  ဆရာဝန်တစ်ယောက် ဖြစ်လာတာကတော့ “ပါရမီ” ဆိုတဲ့    စကားလုံး သုံးလုံးကြောင့်လို့ ဆိုချင်ပါတယ်။ စာတော်တိုင်း၊ အမှတ်တွေကောင်းတိုင်း ဖြစ်ချင်တိုင်း မဖြစ်ကြပါဘူး။ ဝါသနာလည်း ပါရမယ်။ အတိတ်ကံလည်း ပါရမယ်လို့ ကျွန်မယုံကြည်မိပါတယ်။

 

ဆရာဝန်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အနုပညာစိတ်ဆိုတဲ့ နေရာမှာလည်း နှလုံးသားခံစားမှုဖြစ်တဲ့ နူးညံ့ခြင်း၊ သိမ်မွေ့ခြင်း၊ ကိုယ်ချင်းစာခြင်း၊  စေတနာထားခြင်း၊  အဖြူရောင်  ပကတိရှင်သန်တဲ့မေတ္တာဖြင့် လူနာတွေအားလုံးကို အေးမြစေခြင်းအပြင် လုပ်ငန်းဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ နားလည်တတ်သိခြင်း၊ ကျွမ်းကျင်မှုအပိုင်းတွေဖြစ်တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ခွဲစိတ်တဲ့လက်ရာ သေသပ်တိကျခြင်းစတဲ့ အရည်အသွေးတွေလည်း  အဓိကအားဖြင့် ပါဝင်နေပါတယ်။

 

ခွဲစိတ်ဆရာဝန်တစ်ယောက်ဆိုရင်လည်း လူနာကို ခွဲစိတ်တဲ့အခါ လှပတဲ့ပန်းချီကားတစ်ချပ်ကို ဖန်တီးခြင်းပါပဲ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုထဲကစကားနဲ့ ပြောရရင် “ကျွန်မတို့သုံးရတဲ့ အလှခြယ်ဆေးဟာ သွေးတွေဖြစ်နေတာတစ်ခု၊ အောက်စီဂျင်ဓာတ်တွေ  ဖြစ်နေတာတစ်ခု၊  ကျွန်မတို့ပိတ်ကားဟာ  လူ့အသားဖြစ်နေတာတစ်ခုနဲ့ ကျွန်မတို့ ထုလုပ်ပြုပြင်ပေးရ တာကလည်း ကျွန်းသား၊ ယမနေသား၊ ဆင်စွယ်သားတွေမဟုတ်ဘဲ လူ့ခန္ဓာကိုယ် ဖြစ်နေတာပါပဲ”။

 

မျက်စိကို ခွဲစိတ်တဲ့အခါမှာလည်း အနုပညာလိုပါတယ်။ ပန်းချီဆွဲရသလိုပါပဲ။ ခွဲစိတ်ရာကို ညီညီတိတိ၊ အကွေ့အကောက်၊ အတိမ်းအစောင်း မရှိရပါဘူး။ ပြန်ပြီးချုပ်ရတယ်ဆိုရင်လည်း ချုပ်ရာဟာ တွန့်မနေဖို့၊ တင်းမနေဖို့၊ လျော့မနေဖို့  အရေးကြီးပါတယ်။  ညီညာမှုရှိရပါမယ်။  ချုပ်ကြိုးတင်းနေ၊  လျော့နေပြန်ရင်လည်း    ဆလင်ဒါပါဝါတွေပေါ်လာပြီး အမြင်အားမကောင်းပြန်ပါဘူး။ အခုနောက်ပိုင်းမှာတော့  နောက်ဆုံးပေါ်  အသံလွန်လှိုင်းနဲ့ အတွင်းတိမ်ကိုခွဲစိတ်ကြပါတယ်။ ချုပ်ရာ၊ ဓားရာ မရှိဘူး၊  ပြန်ချုပ်ဖို့မလိုဘူးဆိုပေမယ့် အင်မတန်သေးမျှင်နုနယ်တဲ့ ဓားအချွန်လေးတွေကိုတော့ သုံးနေရပါသေးတယ်။ ရိုးရိုးလက်နဲ့ခွဲမှာလား၊ စက်နဲ့ခွဲမှာလား၊ နာမှာလား၊ မနာအောင် စက်နဲ့ခွဲပေးလို့မရဘူးလား စသဖြင့် လူနာတွေက မကြာခဏ မေးတတ်ကြပါတယ်။ လက်နဲ့ပဲခွဲခွဲ၊  စက်နဲ့ပဲခွဲခွဲ ခွဲစိတ်ပေးတဲ့  ဆရာဝန်ကတော့  တစ်ယောက်တည်းပါပဲ။ အတွင်းတိမ်  အနု၊  အရင့်အပေါ်  မူတည်ပြီး၊ လူနာရဲ့   အခြေအနေအပေါ် မူတည်ပြီး ခွဲစိတ်မယ့်ဆရာဝန်က ဆုံးဖြတ်ရွေးချယ်ပေးပါတယ်။ စက်နဲ့ခွဲတဲ့အခါ   မျက်စိဆရာဝန်တစ်ယောက်ဟာ မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်အားလုံးကိုသုံးပြီး ခွဲစိတ်ရပါတယ်။ ဦးနှောက်ကစလို့ ခြေထောက်အထိ သတိနဲ့အလုပ်လုပ်ရပါတယ်။ ခွဲစိတ်ချိန် လေးမိနစ်၊ ငါးမိနစ်သာကြာပေမယ့် အဲဒီအချိန်အတွင်းမှာ ဆရာဝန်ရဲ့ ပညာဉာဏ်၊ အတွေးအခေါ်၊ တတ်ကျွမ်းမှု အနုပညာနဲ့စက်ကို လိုသလိုထိန်းကျောင်းရတဲ့ ပညာတို့  ပူးပေါင်းဖက်စပ်ပြီး ခွဲစိတ်ရတာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စက်ကကောင်းနေပါစေ၊ ခွဲစိတ်တဲ့ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအပေါ်ပဲ မူတည်ပြီး ရလဒ်ကောင်းတာဖြစ်ပါတယ်။

 

ဒီလိုပါပဲ မျက်ရစ်ဖော်ပေးတဲ့နေရာ၊ မွေးရာပါမညီတဲ့ မျက်လုံးလေးတွေက ညီအောင်ပြုပြင်ပေးတဲ့နေရာ၊  မျက်စိစွေစောင်းကို   ပြန်တည့်ပေးတဲ့နေရာ တွေမှာလည်း  အနုပညာလိုပါတယ်။  ရောဂါတစ်စုံတစ်ရာကြောင့်  မျက်လုံးတစ်ဖက်ကို  ခြစ်ထုတ်ပစ်ရတဲ့အခါ  အဲဒီဘက်ကို    ကျောက်မျက်လုံးအတု ထည့်ပေးဖို့ ပြုပြင်တဲ့အခါမှာလည်း ပန်းချီမျက်စိ၊ ပန်းပုလက်နဲ့ ပြုပြင်ချိန်ဆ  ကုသပေးကြရပါတယ်။

 

အနုပညာစိတ်ဆိုတာ ကျယ်ဝန်းလှပါတယ်။ လူမျိုးဘာသာ၊ နယ်ပယ်အကျယ်အဝန်း၊ ပညာရပ်တွေနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ သစ်ရွက်ကြွေသံ၊ လှိုင်းပုတ်သံ၊ လေတိုးသံကအစ အနုပညာဓာတ်က စိမ့်ဝင်နေတာပါ။  ရသ ပေါင်းစုံကို ခံစားပေးစွမ်းနိုင်ပါတယ်။ ထမင်းချက်တာ၊ ဟင်းချက်တာ၊ တံမြက်စည်း လှည်းတာ၊    ဈေးရောင်းတာကအစ  အနုပညာစိတ်နဲ့  နှလုံးသွင်းလုပ်ကိုင်ကြရင် အောင်မြင်မှုတွေ ရကြရပါတယ်။

 

အနုပညာဓာတ်ခံရှိသူတွေဟာ ဘာပဲလုပ်လုပ် အနုပညာစိတ်နဲ့ လုပ်ကြပါတယ်။ အနုပညာစိတ်ဆိုတာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ခံစားလွယ်တယ်၊ ပျော့ပျောင်းတယ်၊ နောက်ဆုံးမှာ ကိုယ်ချင်းစာမှု၊  နားလည်မှုနဲ့ အဆုံးသတ်ပါတယ်။

 

ဆရာဝန်တစ်ယောက်အနေနဲ့ဆိုရင်တော့ စေတနာအရင်းခံတဲ့စိတ်၊ လူနာခံစားနေရတဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းစေလိုတဲ့ စိတ်ရယ်၊ မိမိတတ်အပ်ထားတဲ့ပညာကို  အရင်းခံပြီး မိမိရဲ့ ကိုယ်ပိုင်ထိုးထွင်းဉာဏ်နဲ့ပေါင်းစပ်ပြီး  အနုပညာမြောက်အောင်  ကုသပေးမယ်ဆိုရင်  မိမိရော၊  အများအတွက်ပါ ကာယ၊ စိတ္တသုခနှစ်ဖြာ ပြည့်စုံစေနိုင်မှာ ဖြစ်ပါတယ်။

 

အနုပညာစိတ်ရှိတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ပြင်ပသွင်ပြင်ကို မြင်ရရုံနဲ့လူနာဟာ စိတ်ချမ်းသာမှုရစေပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စိတ်တွေနဲ့ ချိုသာစွာပြောလာတဲ့စကားဟာ လူနာကို ရောဂါတစ်ဝက်သက်သာ စေပါတယ်။  အဲဒီစိတ်နဲ့ ကုသပေးရင် “ရေ” ပေးတာတောင် “ဆေး”    ဖြစ်သွားစေနိုင်ပါတယ်။

 

“ကံ၊ ဉာဏ်၊ ဝီရိယ၊ စည်းကမ်း၊ စေတနာ၊ နှုတ်ချိုသာ”ဆိုတဲ့ အောင်မြင်မှု  အဆင့်ဆင့်မှာ  အနုပညာရပ်တွေ စီးမျောသက်ဝင်နေပါတယ်။ “ကံ” ဆိုတဲ့ နေရာမှာ အတိတ်ကံတစ်ခုကိုတော့  ပြုပြင်လို့မရတာကြောင့် ကျန်တဲ့အချက်တွေမှာ အနုပညာမြောက်ဖို့ အရေးကြီးပါတယ်။

 

ကံချင်းတူရင် ဉာဏ်ရှိသူက ပိုမိုအောင်မြင်ပါတယ်။ ကံ၊ ဉာဏ်ချင်းတူရင်ဝီရိယရှိသူက  သာလွန်နိုင်ပါတယ်။  ကံ၊  ဉာဏ်၊ ဝီရိယချင်းတူရင် စည်းကမ်းရှိသူက သာပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယ၊ စည်းကမ်းချင်းတူရင်တော့ စေတနာပြည့်ဝ  နှလုံးလှသူက ပိုပြီးအောင်မြင်နိုင်ပါတယ်။

 

ဒါကြောင့်  ဆရာဝန်တစ်ယောက်ရဲ့  အနုပညာဆိုတဲ့နေရာမှာ  သူ့ရဲ့ကိုယ်ပိုင်စိတ်ကူး၊ ကျွမ်းကျင်မှုတွေနဲ့  သူ့လူနာတွေကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင်၊ ရသမြောက်အောင်    ကုသပေးခြင်းဖြစ်သလို ထိုအနုပညာမြောက်သော ဆရာဝန်နဲ့ ထိုက်တန်တဲ့ဆုကတော့ လူနာများထံမှ ယုံကြည်ကိုးစားမှုဖြင့် ကြည့်နေတဲ့ မျက်ဝန်းများပဲ ဖြစ်ပါတယ်။

 

ဒါကြောင့်  ကျွန်မ ယုံကြည်လက်ခံထားတဲ့  အနုပညာမြောက်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာ  ပညာရပ်ဆိုင်ရာ   ကျွမ်းကျင်မှုတွေအပြင် လေ့လာမှတ်သားနိုင်စွမ်းရှိမှု၊ ကြောင်းကျိုးဆက်နွှယ်တတ်မှု၊ သည်းခံနိုင်မှု အကောင်းမြင်စိတ် မွေးမှု၊ သူများမကောင်း ကိုယ်ကောင်းကြောင်းမပြောမှုနဲ့ ရိုးသားမှုတွေ ရှိရမယ်လို့ ကျွန်မထင်ပါတယ်။

 

လေ့လာကြည့်ရှု မှတ်သားသိမြင်နိုင်စွမ်းမှာတော့ လူနာတစ်ယောက်ဝင်လာတာနဲ့ လူနာရဲ့ အင်္ဂါရုပ် (သို့) ဝေဒနာခံစားနေရတဲ့ သွင်ပြင်လက္ခဏာကိုကြည့်ပြီး အကဲဖြတ်တတ်ဖို့ လိုပါတယ်။ ကျွန်မကတော့ မျက်စိဆရာဝန်ဖြစ်လို့ မျက်စိလူနာနဲ့ပဲ ဥပမာပြချင်ပါတယ်။

 

လူနာက  မျက်စိကို  လက်ဝါးနဲ့အုပ်ပြီး ဆေးခန်းထဲကို ညည်းညူပြီး ဝင်လာမယ်၊ ဝေဒနာခံစားရမှုကြောင့် မျက်နှာက ညှိုးငယ်နေမယ်၊ မျက်စိက နီရဲနေမယ်၊  ပျို့အန်မယ်ဆိုရင်  ခန့်မှန်းလို့ရပါပြီ၊ ဒီလူနာ “အပြင်းစား ထောင့်ကျဉ်းရေတိမ်”ရောဂါ    ဖြစ်နေပြီ။  လူနာကို ထိုင်ခိုင်းပြီး  စစ်ဆေးကြည့်တဲ့အခါ သေချာသွားပါတယ်။ မျက်စိနီ၊ မှုန်၊ ကိုက်ခဲ၊ ပျို့အန်၊ မျက်စိသူငယ်အိမ်ကျယ်၊ မျက်ကြည်လွှာရောင်ရမ်း၊ ဖြူဖွေး၊ ဓာတ်မီးလေး  ထိုးကြည့်ရုံနဲ့ပဲ ရောဂါအမည် တပ်နိုင်ပါပြီ။

 

ဒီလိုပါပဲ မျက်စိက နီရဲ၊ မျက်ခွံတွေ ရောင်ရမ်း၊ မျက်ဝတ်တွေ ဗလဗျစ်နဲ့ဝင်လာရင် ချက်ချင်းသိပါပြီ၊  မျက်မြှေးရောင် မျက်စိနာရောဂါဖြစ်နေပြီလို့ ချက်ချင်းသိလိုက်ပါတယ်။ ဘယ်လိုလူနာက အရေးပေါ်ကုသမှုပေးရမယ့်သူ၊ ဘယ်လူနာက  အရေးမကြီးသူ  စသဖြင့်  အတွေ့အကြုံများလာတာနဲ့အမျှ ခန့်မှန်းသိမြင်နိုင်စွမ်း ဆရာဝန်တိုင်းမှာ ရှိလာကြပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)