နေပြည်တော် ဇူလိုင် ၃၁
ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင် အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို မျက်ခြေမပြတ်လေ့လာသုံးသပ်ပြီး လုပ်ငန်းစီမံချက် များရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်း၊ ကာလတို/ကာလလတ်/ကာလရှည် ဦးတည်ချက် များချမှတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီး အကဲ ၏ လမ်းညွှန်ချက်များဖြစ်သည့် “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည်၊ လူ့အသက်ထက်အရေးကြီးတာမရှိ၊ ဆေးရုံတိုင်းဆရာဝန် ရှိရ မည်” စသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်များကို ပြည့်ဝစွာခန့်ထားနိုင်ရေး နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေး လျက်ရှိကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်တို့ နှင့်အညီ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အာရုံစူးစိုက်၍ Professional ပီပီသသဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာဝန်(သစ်လွင်)များ အနေဖြင့် တာဝန်ထမ်း ဆောင်ရင်း ရရှိလာမည့် ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများမှတစ်ဆင့် မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုများရရှိကာ နိုင်ငံတော်နှင့် ပြည်သူက ယုံကြည်အားကိုးရသော ထူးချွန်ထက်မြက်သည့် အထူးပြု ဆရာဝန်ကြီးများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဆရာဝန်(သစ်လွင်)များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် တစ်ခုချင်းအလိုက် ကိုယ်စားပြု ဆရာဝန်(သစ်လွင်)များကို ခန့်အပ်လွှာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆရာဝန်(သစ်လွင်) များနှင့်အတူ လဖက်ရည်ပွဲကို အတူတကွ သုံးဆောင်ကြသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော ဆရာဝန် (သစ်လွင်) (၅၈၁)ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆရာဝန်(သစ်လွင်)များကို ဆေးကုသမှုအတွေ့အကြုံ များပိုမိုလေ့လာ ဆည်းပူးနိုင်စေရန်နှင့် ပြည်သူလူထုဆေးကုသမှုလုပ်ငန်းများ ပိုမိုအထောက် အပံ့ဖြစ်စေ ရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်နယ်/တိုင်းဒေသ ကြီးများရှိ ပြည်သူ့ဆေးရုံ ကြီးများတွင် တာဝန်ချထားခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲများ အောင်မြင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် သက်ဆိုင်ရာသင်ကြားရေး ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ (၁၂၇၅)ဦးရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


