နေပြည်တော် ဇူလိုင် ၂၄
ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ၊ Stadium (B)၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန် ကြား ရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ အလုပ်သင်ကာလ ပြီးမြောက်ခဲ့သည့် ဆရာဝန်(သစ်လွင်) ၃၂၆ ဦးနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) ၆၅ ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားရာ အရည်အသွေးပြည့်ဝ သည့် ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်ပိုမို၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ ဆေးရုံ/ ဆေးခန်း အဆောက်အအုံများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာစက်ကိရိယာများ ပြည့်စုံရန်လိုအပ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိရမည်ဖြစ်ကြောင်း ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မိမိတို့အနေဖြင့်မည်သည့်ဒေသက လာရောက်သည်ဖြစ်စေ တာဝန်ကျရာဒေသ အတွင်းတွင် နေထိုင်သည့် ပြည်သူများအပေါ် တစ်သွေးတည်း တစ်သားတည်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ သဘောထား၍ ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးပြည့်ဝစွာ ပေးနိုင် ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ၊ မဟာသိပ္ပံသင်တန်း များနှင့် ပါရဂူသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာ စာမေးပွဲများ ဖြစ်သည့် MRCP၊ MRCS၊ MRCOG စသည်တို့ ဖြေဆိုနိုင်ရေး အပါအဝင် ပြည်ပဘွဲ့လွန်သင်တန်းများကိုလည်း ခွင့်ပြု စေလွှတ်ပေးလျက်ရှိပြီး ပညာရပ်နယ်ပယ်အသီးသီးတွင် အရည်အသွေးမြင့်မားသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ အလုံအလောက်လေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်သူများ အားကိုးအားထားပြုရသည့် ထူးချွန်အောင်မြင်သော ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး ဆေးပညာရှင်များ၏ ကျင့်ဝတ် သိက္ခာနှင့် ပြည့်စုံသောဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီနှင့် ဒုတိယဝန်ကြီးတို့က ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့ရှိ ဆရာဝန်(သစ်လွင်)များ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တို့ရှိ သွားနှင့် ခံတွင်းဆရာဝန်(သစ်လွင်)များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိများအဖြစ် တာဝန်ပေးအပ်သည့် အမိန့်ကြော်ငြာစာများ ပေးအပ်သည်။
(သတင်းစဉ်)