ရန်ကုန် ဖေဖော်ဝါရီ ၂၁

 

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဋ္ဌန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်းရှိ ပြာသာဒ်အဆောင်အမှတ်(၂)၌ ကျင်းပရာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သံဝရဘိဝံသ(ငါးသိုင်းချောင်း) ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော် မူလာကြသည့် ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။

 

ထို့နောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မဟာပဋ္ဌန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက ပဋ္ဌန်းပူဇော်ပွဲ ကျင်းပရေးနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ကြောင်း ထောပနာစကားလျှောက်ထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ငါးသိုင်းချောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ ကြေးစည်/ကြေးမောင်း ၂၄ ချက် တီးခတ်လျက် ပဋ္ဌန်းရွတ်ဖတ်ပူဇော်ပွဲကို ဖွင့်လှစ်သည်။ ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မှစတင်၍ ဖေဖော်ဝါရီ ၂၅ ရက်အထိ သံဃာတော် အရှင်သူမြတ်များက မဟာပဋ္ဌန်းကျမ်းမြတ်အား ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူ ဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်