နေပြည်တော် ဇန်နဝါရီ ၂၂

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌  ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ၊ လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ကေသရနှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ  အမှူးပြုသော ဆရာတော်ကြီးများက ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့် ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါ ယနာတင် ဋီကာ ၂၆ အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့် ဆောင်ရွက်သွားရန်နှင့် ကွန်ပျူတာ စာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီတဂူအပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ စာသင်တိုက်ကြီးများသို့ အမြန်ပေးပို့သွားရန်လိုအပ်ကြောင်း၊ သာသနာ အတွက် အကျိုးများသော လုပ်ငန်းဖြစ်သဖြင့် ဆရာတော်များအနေဖြင့် စိတ်ရောကိုယ်ပါ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိန့်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော် သံဃာတော် များအား  ရိုက်နှိပ်ပြီးသော အဋ္ဌကထာစာအုပ် ၂၇ အုပ်နှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော် ကွန်ပျူတာစာမူများကို ရှင်းလင်းပြသပြီး ဆရာတော်ကြီးများ၏ မိန့်ကြားချက်မှုများအပေါ် ပြန်လည်ရှင်းလင်းလျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်