ဂျေရုဆလင် ၂၄ မေ
အစ္စရေးနိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေး မရှိသေးသော အာဖရိကတိုက်ရှိ ဆူဒန်နှင့် ချဒ်နိုင်ငံတို့၏ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယနေ့ပြောကြားသည်။
ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ဘင်နီဂန့်ဇ်တို့အကြား အာဏာခွဲဝေသော အစိုးရသစ်၏ ပထမအကြိမ်မြောက် အပတ်စဉ် ကက်ဘိနက် အစည်းအဝေးတစ်ရပ်တွင် နေတန်ယာဟုက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အစ္စရေးအစိုးရသစ်၏ ကက်ဘိနက်အဖွဲ့သည် အဂတိလိုက်စားမှုစွဲချက်နှင့် ပတ်သက်၍ ဂျေရုစလင်ခရိုင်တရားရုံး၌ နေတန်ယာဟု၏ ရာဇဝတ်မှုဆိုင်ရာပြစ်မှု ပထမအကြိမ်ကြားနာမှုမတိုင်မီ အဆိုပါအစည်းအဝေးကို နာရီအနည်းငယ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်က ဆူဒန်နှင့် ချဒ်ခေါင်းဆောင်တို့နှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး မွတ်စလင်တို့၏ သန့်ရှင်းသောဥပုသ်လ ကုန်ဆုံးချိန် အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်သည့် အစ်ဒ်အယ်လ်ဖစ်တာ (Eid al-Fitr) နေ့သည် ဆူဒန်နှင့် ချဒ်ခေါင်းဆောင်တို့အတွက် ပျော်ရွှင်သောပွဲတော်မြတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးသည်ဟု နေတန်ယာဟုက အစိုးရအဖွဲ့အား ပြောကြားသည်။
နေတန်ယာဟုနှင့် ဆူဒန်ခေါင်းဆောင် အဗ္ဒယ်လ်ဖာတအယ်လ်ဘူရ်ဟန်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ယူဂန်ဒါနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး နှစ်ဖက်အကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ထို့အတူ နေတန်ယာဟုသည် ၂၀၁၉ ခုနှစ်က ချဒ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၇၂ ခုနှစ်ကတည်းက ပထမအကြိမ် ပြန်လည်စတင်ရန် ချဒ်သမ္မတ အိုင်ဒရစ်ဒါဘီနှင့်အတူ ကြေညာခဲ့ကြောင်း သိရသည်။
မူဆလင်နိုင်ငံများနှင့် ဆက်ဆံရေးအသစ် ဖွဲ့စည်းရေးသည် နေတန်ယာဟု၏ အဓိက နိုင်ငံခြားရေးမူဝါဒ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ