ခါတွန်၊ မေ ၁
ဆူဒန်နိုင်ငံ၌ လက်နက်ကိုင်နှစ်ဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှု ရက်သတ္တနှစ်ပတ် ကျော်လွန်လာသော်လည်း ပဋိပက္ခအဆုံးသတ်ရေးလမ်းစ မမြင်တွေ့ရသေးကြောင်း။ ထို့အပြင် လက်နက်ကိုင်နှစ်ဖွဲ့ကြား ဧပြီ ၂၈ ရက် ညသန်းခေါင်ယံမှစကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို နောက်ထပ် ၇၂ နာရီ သက်တမ်းတိုးထားကြောင်း ဒေသဆိုင်ရာသတင်းများက ဖော်ပြသည်။
သို့သော်လည်း မြို့တော်ခါတွန်အတွင်းနှင့် အခြားဒေသများတွင် သေနတ်ပစ်ခတ်သံများ၊ အမြောက်သံများ ဆက်လက်ကြားနေရဆဲဖြစ်ကြောင်း၊ ဧပြီ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကြောင့် လူပေါင်း ၅၁၂ ဦး သေဆုံးပြီးဖြစ်ကြောင်း ဆူဒန် ကျန်းမာရေး အာဏာပိုင်များကပြောသည်။ လာမည့် ရက်သတ္တပတ်အတွင်း ဆူဒန်နိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်း ချဒ်နိုင်ငံသို့ ဒုက္ခသည် ၁၀၀၀၀၀ နီးပါး ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပေါ်နေသော ချဒ်နိုင်ငံကို အရေးပေါ်ထောက်ပံ့ကူညီပေးနိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ထားသည်။ ဆူဒန်နှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ