ခါတွမ် မေ ၂၁

ဆူဒန်ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒီမိုကရေစီလိုလားသော ဆန္ဒထုတ်ဖော် ခေါင်းဆောင်များအကြား နိုင်ငံတော်၏ အခွင့်အာဏာကို ကာကွယ်စောင့်ရှောက်မည့် အုပ်ချုပ်ရေးအဖွဲ့တစ်ရပ် ပေါ်ပေါက်လာစေရန် ဆွေးနွေးညှိနှိုင်းမှုသည် သဘောတူညီမှုမရရှိဘဲ အဆုံးသတ်သွားခဲ့ရကြောင်း ယနေ့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

အာဏာရှင်စနစ်ကျင့်သုံးသည့် အိုမာအယ်ဘာရှားအား ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမကျင်းပမီ သုံးနှစ်တာ ကာလအတွင်း အချုပ်အခြာအာဏာပိုင် ကောင်စီတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် မေ ၁၉ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆန္ဒထုတ်ဖော် ခေါင်းဆောင်များအကြား အဆိုပါ ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်စတင်ခဲ့သည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အရပ်သားအစိုးရအား အုပ်ချုပ်ခွင့်အာဏာ လွှဲပြောင်းပေးရန် နိုင်ငံတကာ ဖိအားများနှင့်ရင်ဆိုင်နေရသည်။ နိုင်ငံအတွင်း အရပ်သားအုပ်ချုပ်မှု အသွင်သစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ထောင်ပေါင်းများစွာသော ပြည်သူများက ခါတွမ်မြို့ရှိကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။

ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ဆန္ဒထုတ်ဖော်ခေါင်းဆောင်များ (လွတ်လပ်ပြီးပြောင်းလဲမှုကို လိုလားသောအဖွဲ့) သည် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရန် ဆွေးနွေးမှုများကိုယနေ့ အဆုံးသတ် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရရှိဘဲ ဆွေးနွေးမှုများ ပြီးဆုံးသွားခဲ့ရ ကြောင်း သိရသည်။

ဆွေးနွေးညှိနှိုင်းမှုများကို မည်သည့်အချိန်တွင် ပြန်လည်စတင်မလဲဆိုသည်ကို နှစ်ဖက်စလုံးက ပြောကြားခဲ့ခြင်းမရှိသော်လည်း ရလဒ်ထွက်ပေါ်သည့်တိုင်အောင် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူ ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ ဆစ်ဒစ်ယူဆက်ဖ်က ပြောကြားခဲ့သည်။

ပေါ်ပေါက်လာမည့် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းကို ကာကွယ်ရေးတပ်ဖွဲ့နှင့် အရပ်သားအဖွဲ့အစည်းများအကြား မည်သူ့အား အဖွဲ့အစည်းအကြီးအကဲအဖြစ် ခန့်အပ်တာဝန်ပေးမလဲဆိုသည့် အချက်နှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်အကြား သဘောတူညီမှု မရရှိသေးကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။

အေအက်ဖ်ပီ