မေ ၂၈

ဆူဒန်နိုင်ငံသည် စစ်ဘေးသင့်နိုင်ငံဖြစ်ပြီး တစ်ပတ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၇၀၀ ရှိပြီး သေဆုံးသူ ၁၇၂ ဦးရှိိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ မကြာသေးမီသီတင်းပတ်များအတွင်း ခါတန်ပြည်နယ်တွင် ရေနှင့်လျှပ်စစ်မီးပြတ်တောက်မှုများ ၉၀ ရာခိုင်နှုန်းရှိသည်ဟု ထိုဝန်ကြီးဌာနကပြောသည်။ နိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်း၌ကာလဝမ်းရောဂါဖြစ်ပွားလေ့ရှိသော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရေ၊ မိလ္လာနှင့် ကျန်မားရေးအခြေခံအဆောက်အအုံများပျက်စီးခဲ့ပြီး ယင်းရောဂါဖြစ်ပွားမှုများပိုမိုဆိုးရွားလာကာ မကြာခဏဖြစ်ပွား လေ့ရှိသည်ဟု သိရသည်။

လွန်ခဲ့သော သီတင်းပတ်သုံးပတ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၃၀၀ ကျော်ရှိသည့်အနက် ၅၁ ဦး သေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။ ကာလဝမ်းရောဂါဖြစ်ပွားသူများအနက် ၉၀ ရာခိုင်နှုန်းသည် ခါတန်ပြည်နယ်တွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို