ခါတွန်   မတ်   ၄

ဆူဒန်နိုင်ငံ၌   ကာလဝမ်းရောဂါကူးစက်မှုမှာ ၁၈ လတာကြာမြင့်ပြီးနောက် ရောဂါကင်းစင်သွားပြီဖြစ်ကြောင်း သိပ္ပံစံနှုန်းများ၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ မတ် ၄  ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၄  ရက်မှစတင်ကာ ဆူဒန်နိုင်ငံအတွင်းရှိ မည်သည့်ပြည်နယ်တွင်မျှ  ကာလဝမ်းရောဂါဖြစ်ပွားသူ မတွေ့ရှိရတော့ချေ။ သိပ္ပံနည်းကျ အချက်အလက်များနှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံ၍ ဆူဒန်နိုင်ငံသည်   ကာလဝမ်းရောဂါကင်းစင်သွားပြီဟု ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကျန်းမာရေးအရေးပေါ်ဌာန အကြီးအကဲဖြစ်သူ မွန်တက်ဆီရာ  မိုဟာမက်အိုစမန်က ဆင်ဟွာသို့ ပြောသည်။ ကာလဝမ်းရောဂါ ကင်းစင်သွားပြီဟုကြေညာရာတွင် တိကျသောစံနှုန်းများပါဝင်ကြောင်း ရှင်းလင်းခဲ့သည်။

အဆိုပါစံနှုန်းများတွင် ရောဂါပိုးကူးစက်နိုင်သောကာလအတွင်း လူနာသစ်ထပ်မံမတွေ့ရှိရတော့ခြင်း၊ ဒေသတွင်းကူးစက်မှုရပ်တန့်သွားကြောင်း အတည်ပြုနိုင်ခြင်း၊  ကူးစက်မှုကွင်းဆက်မရှိတော့ခြင်းတို့ ပါဝင်သည်။   နိုင်ငံခြားမှတစ်ဆင့် ကူးစက်လာသည့်အခြေအနေမှတစ်ပါး    ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဂါကင်းစင်သွားပြီဟု အတည်ပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရောဂါနှိမ်နင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပြီး ကာကွယ်ဆေးအလုံးရေ သန်း ၂၀ တိုက်ကျွေးခဲ့သည်။

ဆူဒန်နိုင်ငံသည်  ၂၀၂၄   ခုနှစ်   ဩဂုတ်လမှစတင်၍  ကာလဝမ်းရောဂါဖြစ်ပွားကြောင်း ကြေညာခဲ့သည်။ အစောပိုင်းစာရင်းဇယားများအရ တစ်နိုင်ငံလုံးအနှံ့ ကူးစက်ခံရသူဦးရေ ၁၀၀၀၀၀ ကျော် ရှိပြီး  ၂၀၂၄ ခုနှစ် ဇူလိုင်လမှ  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အထိ  သေဆုံးသူ  ၂၄၀၈   ဦး ရှိကြောင်း သိရသည်။                                     

ဆင်ဟွာ