ဩဂုတ် ၂၈
ဆူဒန်နိုင်ငံရှိ ပြည်နယ် ၁၀ ခုတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၃၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောသည်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၁၂၉၆၅၀ အပါအဝင် အိမ်ထောင်စု ၃၁၆၆၆ စု ရေဘေးသင့်ခဲ့ပြီး နေအိမ်အလုံး ၁၂၄၂၀ လုံး ပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ပြည်နယ်ငါးခုတွင် ကာလဝမ်းရောဂါထပ်မံဖြစ်ပွားသူ ၁၀၂ ဦး ရှိပြီး ငါးဦးထပ်မံသေဆုံးခဲ့ရာ ယင်းရောဂါဖြစ်ပွားသူပေါင်း ၁၂၂၃ ဦးနှင့် သေဆုံးသူပေါင်း ၄၈ ဦး ရှိလာကြောင်း သိရသည်။
ဆူဒန်နိုင်ငံတွင် ရေကြီးရေလျှံမှုသည် အထူးသဖြင့် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိသည်။ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ပြီး စိုက်ပျိုးမြေများ ပျက်စီးခဲ့သည်။
နိုင်ငံအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားကြောင်း ကျန်းမာရေးဝန်ကြီး မိုဟာမက် အီဘရာဟင်မ်က ဩဂုတ်လ ၁၇ ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို