ခါတွန်၊ ဧပြီ ၂၅
ဆူဒန်နိုင်ငံ၌ စစ်တပ်နှင့် Rapid Support Forces (RSF) ဟု လူသိများသော လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ဆူဒန်နိုင်ငံမှ နိုင်ငံခြားသားများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် နိုင်ငံများအနေဖြင့် အလျင်အမြန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆူဒန်နိုင်ငံ၌ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။ အစိုးရတပ်ဖွဲ့နှင့် RSF တို့အကြား ဧပြီ ၂၁ ရက်တွင် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသော်လည်း နောက်ပိုင်းတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မီဒီယာများ၏ ဖော်ပြချက်အရ ဧပြီ ၂၃ ရက်တွင် သမ္မတနန်းတော်နှင့် မြို့တော်ခါတွန်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က သံတမန်များနှင့် ၎င်းတို့၏မိသားစုများအပါအဝင် ၎င်းတို့၏ နိုင်ငံသားများကို စစ်လေယာဉ်များဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း ပြောသည်။
ဆော်ဒီအာရေဗျ အစိုးရကလည်း ဆော်ဒီနိုင်ငံသားနှင့် နိုင်ငံခြားသားနေထိုင်သူ ၁၅၀ ကျော်ကို ယာဉ်တန်းဖြင့် ခါတွန်မှ ကီလိုမီတာ ၇၀၀ ခန့်အကွာ ပင်လယ်နီကမ်းရိုးတန်းရှိ ပို့သ်ဆူဒန်မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်းနှင့် ရေတပ်သင်္ဘောတစ်စင်းက ပို့သ်ဆူဒန်မြို့မှ ပြောင်းရွှေ့လာသူများကို ဆော်ဒီအာရေဗျဆိပ်ကမ်းဆီသို့ ခေါ်ဆောင်လာခဲ့ကြောင်း ပြောသည်။
ဆူဒန်နိုင်ငံတွင် အင်တာနက်ချိတ်ဆက်မှု လုံးဝပြတ်တောက်သွားပြီဖြစ်သည့်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ