ခါတွန်၊ ဧပြီ   ၂၃

 

ဆူဒန်နိုင်ငံရှိ အမေရိကန်သံရုံး အမှုထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှ ဧပြီ ၂၃ ရက်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။

 

သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သုံးစင်းဖြင့် ခါတွန်မှ ဂျီဘူတီ၊ ထိုမှတစ်ဆင့် အီသီယိုးပီးယားသို့ ပို့ဆောင်ပေးခဲ့သည်ဟု ပင်တဂွန် စစ်ဌာနချုပ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ များက ပြောသည်။

 

အခြားနိုင်ငံမှ လူအနည်းငယ်အပါအဝင် လူပေါင်း ၁၀၀ ထက်မနည်းကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။ ဂျီဘူတီ၊ အီသီယိုးပီးယား နှင့် ဆော်ဒီအာရေဗျတို့ကို ကယ်တင်ရေးလုပ်ငန်းစဉ်တွင် ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အတူ ဆူဒန်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် Rapid Support forces ကလည်း ကူညီ ပေးခဲ့ကြောင်း အဆိုပါအဖွဲ့မှ ပြောသည်။

 

သို့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက အဆိုပါအဖွဲ့၏ ပြောကြားချက်ကို ပယ်ချခဲ့သည်။ ခါတွန်မြို့ရှိ အမေရိကန် သံရုံးလုပ်ဆောင်မှုများကို ယာယီ ဆိုင်းငံ့ထားမည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကပြောသည်။

 

ဆူဒန်တပ်ဖွဲ့နှင့် Rapid Support forces တို့အကြား ပဋိပက္ခများကြောင့် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောသည်။

 

အင်န်အိတ်ချ်ကေ